လက်စတာ စီးတီးအသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးဆီ တန်းတက်အောင် စွမ်းဆောင်ပေးပြီးနောက် ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ နည်းပြ အန်ဇို မာရီစကာက ချယ်လ်ဆီးဆိုတာ ကမ္ဘာပေါ်က ဘောလုံးနည်းပြတိုင်းလိုလို ကိုင်တွယ်သွားချင်တဲ့ အသင်းမျိုး ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် (၄၄)နှစ်သာ ရှိနေသေးတဲ့ အီတလီလူမျ်ိုး ဘောလုံးနည်းပြ မာရီစကာဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီကမှ လက်စတာကို ကိုင်တွယ်ခဲ့ရင်း သူရဲ့ လက်စတာ နည်းပြဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာပဲ အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

တကယ်တော့ မာရီစကာဟာ မန်စီးတီးနည်းပြကြီး ပက်ပ် ဂွာဒီယိုလာ လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် အလုပ်လုပ်ခဲ့ဖူးသလို မန်စီးတီး လူငယ်အသင်းကိုလည်း ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။ နည်းပြ အတွေ့အကြုံက နုနယ်သေးပေမယ့် လက်စတာကို တစ်ရာသီတည်း ကိုင်တွယ်ပြီး ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ထားနိုင်တာတွေ မန်စီးတီး လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့တဲ့ ရာသီမှာ မန်စီးတီးက Treble Champions ဖြစ်ခဲ့တာတွေက မာရီစကာရဲ့ အရည်အသွေးတချို့ကြောင့်လည်း ပါဝင်နိုင်ပါတယ်။

ဒါကြောင့် နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကို တစ်ရာသီတည်း အခွင့်အရေးပေးခဲ့တဲ့ ချယ်လ်ဆီးက မာရီစကာကို မျက်စိကျလာခဲ့တာဖြစ်ပြီး အသင်းကို မော်ဒန် ဘောလုံးအသင်းအဖြစ် တည်ဆောက်ရမှာ မာရီစကာက အကောင်းဆုံး ပါဝင်သွားနိုင်လိမ့်မယ်လို့ ယူဆခဲ့တာကြောင့် (၅)နှစ်+(၁)နှစ်စာချုပ်နဲ့ အသင်းရဲ့နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်လိုက်ပါတယ်။

Photo Credit : Football Transfer

အခုလို ချယ်လ်ဆီးနည်းပြရာထူးကို ရရှိခဲ့တဲ့ မာရီစကာက “ချယ်လ်ဆီးလို ကမ္ဘာ့အကြီးမားဆုံး ကလပ်အသင်းတွေထဲမှာ အပါအဝင်ဖြစ်တဲ့ အသင်းမျိုးကို ကိုင်တွယ်ဖို့ဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ နည်းပြတိုင်းရဲ့ အိမ်မက်တစ်ခုပါပဲ”

“ကလပ်အသင်းရဲ့ အောင်မြင်မှုအစဉ်အလာကို ဆက်လက် ထိန်းသိမ်းပြီး ပရိသတ်တွေကို ဂုဏ်ယူစေမယ့် အသင်းတစ်သင်းအဖြစ် ဖွံ့ဖြိုးတိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်တဲ့ အရည်အသွေးမြင့် ကစားသမားတွေ အသင်းဝန်ထမ်းတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့အတွက် မျှော်လင့်နေပါတယ်။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။