ချယ်လ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စ်ကာက မန်ချက်စတာ ယူနိုက်တက် နောက်ခံကစားသမား လီဆန်ဒရို မာတီနက်ဇ်အနေနဲ့ ကိုး ပါလ်မာကို ဖျက်ထုတ်မှုက လုံးဝ အနီကတ်ပြသရမယ့် ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှု ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ မနေ့က အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ခဲ့ကြရင်း ယူနိုက်တက်က အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ခဲ့ပေမယ့်လည်း မိနစ်ပိုင်းအကြာမှာပဲ ချယ်လ်ဆီး ကွင်းလယ်လူ ကိုင်စီဒိုက ဧရိယာအစပ်ကနေ ချေပဂိုး သွင်းယူရင်း တစ်ဂိုးစီ သရေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။
Photo Credit : Yahoo Sports
ဒီပွဲစဉ်မှာ နှစ်သင်းလုံးက ခြေစွမ်းသိပ်မပြနိုင်ခဲ့ပဲ အိမ်ရှင် ယူနိုက်တက်ကတော့ ဒီလစ်နဲ့ မာတီနက်ဇ်တို့ရဲ့ ဗဟိုခံစစ်ပိုင်းက ကျစ်လစ်မှု ရှိခဲ့သလို ဘယ်ခြမ်းခံစစ်မှာ ကစားခဲ့ရတဲ့ မာဇာရာဝီကလည်း အဂောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး မာတီနက်ဇ်က ပါလ်မာကို ဖျက်ထုတ်မှုမှာ ပြင်းထန်မှု ရှိခဲ့ပြီး ဒီဖျက်ထုတ်မှုအတွက် မာတီနက်ဇ်ကတော့ အဝါကတ်သာ ပြသခံခဲ့ရပါတယ်။
တကယ်တော့ ဘောလုံးနဲ့မထိတဲ့ ဖျက်ထုတ်မှု ရည်ရွှယ်ချက်ပါတဲ့ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှု ဖြစ်ခဲ့ပေမယ့်လည်း မာတီနက်ဇ်ကတော့ အလွန်ကံကောင်းစွာနဲ့ပဲ အနီကတ် ပြစ်ဒဏ်ကနေ လွတ်မြောက်သွားခဲရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ မာရက်စ်ကာက “ကိုး ပါလ်မာက ပွဲပြီးတော့ အဝတ်လဲခန်းထဲမှာ ရေခဲကပ်နေရတယ်။”
Photo Credit : The New York Times
“အခုတော့ သူ့ဒဏ်ရာ အခြေအနေကို စောင့်ကြည့်နေရတယ်။ ဘာမှ ဆိုးဆိုးရွှားရွှားကြီး ဖြစ်မလာဖို့တော့ မျှော်လင့်ပါတယ်။ ပြီးတော့ ခင်ဗျား ကျွန်တော့်ကို ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းလာတော့မယ်ဆိုတာ ကျွန်တော် သိနေပါတယ်။ ဒါက ကျွန်တော်တို့ အားလုံးအတွက် ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရတဲ့ မြင်ကွင်းဆိုပေမယ့်”
“ကွင်းလယ်ဒိုင်ကတော့ ကျွန်တော်တို့ ထင်နေတဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်ဘဲ ကွဲပြားတဲ့ ဆုံးဖြတ်ချက်ကိုသာ ချမှတ်သွားခဲ့ပါတယ်။ သူက ဘောလုံးကို ဖျက်ထုတ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘဲနဲ့ ကစားသမားကို ထိခိုက်ဖို့အတွက်ကို ရည်ရွယ်တာဆိုတော့ ဒါက အနီကတ်ပါပဲ။” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။