MySport Myanmar

ချယ်လ်ဆီးက လမ်းကြောင်းမှန်ပေါ် ရောက်လာနေပြီလို့ မာရက်စ်ကာ ဆို

ချယ်လ်ဆီးအသင်းဟာ မနေ့ညက ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ပြီး တစ်ဂိုးစီ သရေရလဒ်သာ ရရှိခဲ့ပေမယ့်လည်း ချယ်လ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာကတော့ သူ့အသင်းက လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီလို့ အတိအလင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

နည်းပြသစ် မာရက်စ်ကာ လက်ထက်မှာ ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ် အိမ်ကွင်း (၂)ပွဲ ကစားထားရပြီးချိန် မန်စီးတီးကို (၂)ဂိုးပြတ်နဲ့ ရှုံးပြီး ပဲလေ့စ်ကိုတော့ တစ်ဂိုးစီနဲ့ သရေကျခဲ့တာကြောင့် အခုထိ ပရီးမီးယားလိဂ် အိမ်ကွင်းနိုင်ပွဲနဲ့ အလှမ်းဝေးနေရတာ ဖြစ်ပါတယ်။

Photo Credit : We Ain’t Got No History

အခုလက်ရှိမှာ ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ် (၃)ပွဲကစား ရမှတ် (၄)မှတ်သာ ရထားသေးပြီး ပဲလေ့စ်နဲ့ပွဲမှာလည်း အနိုင်ရခဲ့သင့်ပါလျက်နဲ့ ပြိုင်ဘက်ကို အမှတ်သာ ခွဲပေးလိုက်ရပါတယ်။ ဒီပွဲရလဒ်နဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ မာရက်စ်ကာက “ကျွန်တော်တို့အသင်းက ဒီပွဲကို အနိုင်ရဖို့ လုံးလုံး ထိုက်တန်ခဲ့ပါတယ်။”

“ကျွန်တော်တို့ဟာ အခွင့်အရေးတွေလည်း အများကြီး ရခဲ့ပါသေးတယ်။ အရေးအကြီးဆုံးကတော့ အသင်းရဲ့ စွမ်းဆောင်ရည်ပါပဲ။ အသင်းကလည်း ဒီပွဲမှာ performance ကောင်းတွေ ပြသနိုင်ခဲ့တယ်။ အသင်းက ဒီပွဲမှာဆိုရင် ဂိုးပေါက်တည့်ကန်ချက် (၂)ကြိမ်သာ ခွင့်ပြုခဲ့ရတယ်။ ကျွန်တော်တို့ (၃)မှတ်အပြည့် မယူနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံအတိုင်း ကစားပြနိုင်ခဲ့တယ်။”

Photo Credit : Eurosport

“ကျွန်တော်တို့ လာမယ့် ပွဲတွေမှာ နိုင်ပွဲတွေ ရယူနိုင်ပါလိမ့်မယ်။ အသင်းရလဒ်နဲ့ ပတ်သက်ပြီး အနည်းငယ်လေးတော့ စိတ်ပျက်မိရပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာတော့ စိတ်ပျက်စရာ မရှိပါဘူး။ ကျွန်တော်တို့က မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုကို ဦးတည်လာနေပါပြီ။ ကစားသမားတွေ စုံစုံလင်လင် ရှိလာမယ်ဆိုရင် အသင်းက အခုထက် ပိုကောင်းလာပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် မာရက်စ်ကာက ကိုး ပါလ်မာကို ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့ ပဲလေ့စ် ကစားသမား ဝဲလ်ဟုချ်ဟာ ဒုတိယ အဝါကတ်ပြသခံရပြီး (၂)ဝါ(၁)နီနဲ့ အထုတ်ပယ်ခံရသင့်တယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့သလို ဒီလို ဖြစ်လာခဲ့မယ်ဆိုရင် ပွဲရလဒ်ကလည်း တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်လို့ပါ ပြောဆိုခဲ့ပါတယ်။

Exit mobile version