MySport Myanmar

ချယ်လ်ဆီးက (၅)နှစ်(၁၀)နှစ်အတွင်းမှာ အင်္ဂလိပ် ဘောလုံးလောကကို လွှမ်းမိုးနိုင်မယ်လို့ မာရက်စ်ကာ ဆို

ချယ်လ်ဆီးအသင်း နည်းပြ အန်ဇို မာရက်စ်ကာက ချယ်လ်ဆီးအသင်းဟာ လာမယ့် (၅)နှစ် (၁၀)နှစ်အတွင်းမှာ အင်္ဂလိပ် ဘောလုံးလောကို လွှမ်းမိုးနိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာနိုင်ပေမယ့် ဒီရာသီမှာတော့ သူတို့က အမှတ်ပေး ချန်ပီယံပြေးလမ်းထဲမှာ ရှိမနေဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာ Top 4 နေရာနဲ့ လွဲချော်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ (၂)နှစ်ဆက်တိုက်အထိ လွဲချော်ထားခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ နည်းပြ မာရက်စ်ကာ လက်ထက် ချယ်လ်ဆီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၃)နေရာ ရပ်တည်နေပြီး အဆင့်(၂)က အာဆင်နယ်နဲ့ အမှတ်တူ အနေအထားနဲ့ ရပ်တည်နေပါတယ်။

Photo Credit : TNT Sports

ချယ်လ်ဆီးက ဒီရာသီမှာလည်း မန်စီးတီး လီဗာပူးလ်တို့ကို ရှုံးနိမ့်ထားခဲ့ပေမယ့် အာဆင်နယ်နဲ့ ယူနိုက်တက်ကို သရေကစားထားနိုင်သလို ဗီလာလို အသင်းမျိုးကိုလည်း (၃)ဂိုးပြတ်နဲ့ပါ အနိုင်ရထားခဲ့ပါသေးတယ်။ လက်ရှိမှာ လီဗာပူးလ်နဲ့ (၉)မှတ်အကွာ ရောက်နေပေမယ့် နည်းပြမာရက်စ်ကာကတော့ သူတို့အသင်းဟာ ဒီရာသီရဲ့ title race မှာ ရှိနေမှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော်တို့အသင်းက ချန်ပီယံလုပွဲထဲမှာ ရှိမနေပါဘူး။ ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် ကျွန်တော်တို့က title race ထဲမှာ ရှိမနေဘူး။ ဒီအသင်းမှာ ရှိနေတဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေရယ် အသက်အရွယ်တွေကြောင့်ရယ် ချယ်လ်ဆီးအသင်းဟာ နောက်လာမယ့် (၅)နှစ်ကနေ (၁၀)နှစ်အတွင်း အင်္ဂလိပ် ဘောလုံးလောကထဲ လွှမ်းမိုးနိုင်မယ့် အသင်းတွေထဲကတစ်သင်း ဖြစ်လိမ့်မယ်ဆိုတာကို အသင်းပိုင်ရှင်တွေ အသင်းဒါရိုက်တာတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာပဲ ကျွန်တော် ပြောပြဖြစ်ခဲ့တယ်။”

Photo Credit : The Chelsea Chronicle

“ဘယ်နည်းပြပဲကိုင်ကိုင်ပါ ဒီအသင်းက ဒီပုံစံနဲ့သာဆိုရင် နောက်နှစ်အနည်းငယ်မှာပဲ ပရီးမီးယားလိဂ်မှာ လွှမ်းမိုးလာနိုင်ပါမယ်။ အသင်းက တာဝန်ရှိသူတွေကတော့ အသင်းနဲ့ ပတ်သက်ပြီး ဘာရည်ရွယ်ချက်မှ ကျွန်တော့်ကို မတောင်းဆိုခဲ့ဘူး။”

“လာမယ့်နှစ်တွေမှာ အရေးကြီးတဲ့ အရာတစ်ခုကို တည်ဆောက်ဖို့ ကြိုးပမ်းဖို့သာ ရှိပါတယ်။ အခုလည်း ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ဦးတည်နေတယ်လို့လည်း ထင်ပါတယ်။ ကိုယ်ပိုင် ရည်မှန်းချက်တစ်ခုအနေနဲ့ ကျွန်တော်က ရာသီကုန် နောက်ရာသီကို အာရုံစိုက်မနေဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက အစစ်အမှန် မဟုတ်လို့ပါ။” လို့ မာရက်စ်ကာ ထုတ်ဖော် ပြောဆိုသွားပါတယ်။

Exit mobile version