မနေ့ညက ဘရိုက်တန်အသင်းကို (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း သူ့အသင်းရဲ့ performance ဟာ သူ ချယ်လ်ဆီးနည်းပြအဖြစ် စတင် ကိုင်တွယ်ခဲ့ပြီးနောက်ပိုင်း အဆိုးရွှားဆုံး စွမ်းဆောင်မှု ဖြစ်တယ်လို့ ချယ်လ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာက ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။
ဘရိုက်တန်နဲ့ ချယ်လ်ဆီးတို့ဟာ ဒီရက်ပိုင်းအတွင်းမှာပဲ အက်ဖ်အေဖလားပွဲနဲ့ ပရီးမီးယားလိဂ်ပွဲတွေအဖြစ် ဆက်တိုက် ကစားခဲ့ရတာဖြစ်ပြီး အဲ့ဒီ(၂)ပွဲလုံးမှာ အိမ်ရှင် ဘရိုက်တန်က ချယ်လ်ဆီးကို အနိုင်ယူခဲ့သလို အခု ပရီးမီးယားလိဂ်ပွဲမှာတော့ ဘရိုက်တန်ဟာ ချယ်လ်ဆီးအသင်းကို ဂိုးအပြတ်အသတ်နဲ့ပါ အနိုင်ယူခဲ့ပါတယ်။
Photo Credit : Fox Sports
ဒီပွဲစဉ်မှာ ဧည့်သည်ချယ်လ်ဆီးက ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှတောင် မရှိခဲ့တဲ့အထိ အခြေအနေဆိုးခဲ့ရသလို ပြိုင်ပွဲစုံ အဝေးကွင်း (၆)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ဆုံးထားခဲ့ရပါတယ်။ ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ မာရက်စ်ကာက “ဒီကိုလာရောက် ကြည့်ရှုပေးတဲ့ ပရိသတ်တွေအတွက် ကျွန်တော်တို့ တကယ်ကို စိတ်မကောင်းပါဘူး။”
“ကျွန်တော်တို့ရဲ့ အခြေအနေနဲ့ အဆင့်ကို ကြည့်မယ်ဆိုရင် ကျန်တဲ့ (၁၄)ပွဲမှာ ဒီပွဲကထက် ပိုပိုပြီး ကောင်းအောင် လုပ်ဖို့လိုပါလိမ့်မယ်။ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ရမယ့် အရာတွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်ဟာ အမြဲတမ်း ဖိအားဒဏ်ကို ခံစားရတာ အခုမှ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပွဲရဲ့ စွမ်းဆောင်ရည်ကတော့ ကျွန်တော် ရောက်လာပြီးကတည်းက အဆိုးရွှားဆုံး စွမ်းဆောင်မှု ဖြစ်ပါတယ်။”
Photo Credit : The Chelsea Chronicle
“ဒီလိုပွဲမျိုးကို ကစားတဲ့အခါ ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေမှာ ဒီပွဲနိုင်မယ်ဆိုရင် အဆင့်(၃)ကအသင်းနဲ့ တစ်မှတ်ပဲ ကွာတော့မှာပါ။ ကွာဟချက်ကို ပိုနည်းသွားအောင် လုပ်နိုင်မှာပါ။ ဒီညလိုမျိုး စွမ်းဆောင်ရည်နဲ့ ကစားခဲ့မယ်ဆိုရင် ကျွန်တော်တို့ အများကြီး ပိုကောင်းအောင် လုပ်ရမှာတွေ ရှိပါတယ်။ ပရိသတ်တွေအတွက် တောင်းပန်ပါတယ်။”
“ဒါဟာ ကျွန်တော်တို့ ပေးနိုင်တဲ့ မှန်ကန်တဲ့ စွမ်းဆောင်ရည်မျိုး မဟုတ်ပါဘူး၊ အထူးသဖြင့် ရာသီရဲ့ ဒီအချိန်မှာပါ။ ဒါပေမယ့် အခုအချိန်ဟာ ကျွန်တော်တို့ အတူတူ ရပ်တည်ပြီး ရှေ့ဆက်သွားကာ အကောင်းဆုံးနည်းနဲ့ အဆုံးသတ်ဖို့ ကြိုးစားရမယ့် အချိန်ပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးက လာမယ့်တစ်ပတ်မှာလည်း အက်စတွန် ဗီလာအသင်းနဲ့ ဗီလာပါ့ခ်မှာ ပွဲကျပ်တစ်ပွဲကို ကစားသွားရဦးမှာပဲ ဖြစ်ပါတယ်။