ချယ်လ်ဆီးအသင်းရဲ့ နည်းပြ အင်ဇို မာရက်စ်ကာက အသင်းပိုင်ရှင်တွေဟာ အသင်း အောင်မြင်မှုတွေ ရရှိစေဖို့အတွက် ရေရှည် ချဉ်းကပ်သွားဖို့ကိုသာ ဆုံးဖြတ်ထားတာကြောင့် သူတို့အသင်းအနေနဲ့ ဒီဘောလုံးရာသီထဲ ချန်ပီယံလိဂ်ဝင်ခွင့် Top 4 နေရာအတွက်ကိုသာ အာရုံစိုက်နေမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေနဲ့ အစ်ဘာလီတို့ လက်ထက်မှာ အသင်းက နည်းပြအပြောင်းအလဲတွေ အတော်လေး ဖြစ်ပေါ်ခဲ့ရပြီး ကစားသမားသစ် ခေါ်ယူမှုတွေကိုလည်း (၃၅)ဦးလောက်အထိတောင် ခေါ်ယူထားခဲ့ပါသေးတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ချယ်လ်ဆီးက နည်းပြအတွေ့အကြုံ သိပ်မရှိသေးတဲ့ မာရက်စ်ကာကိုပါ အသင်းနည်းပြအဖြစ် ခန့်အပ်ထားပါသေးတယ်။
Photo Credit : The Sun
မန်စီးတီးမှာ နည်းပြ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောက်ရွှက်ခဲ့ဖူးပြီး မနှစ်ကမှ လက်စတာနည်းပြအဖြစ် ဆောင်ရွှက်ရင်း လက်စတာကို ပရီးမီးယားလိဂ်ဆီ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ရင်းနဲ့ ချယ်လ်ဆီးနည်းပြ ဖြစ်လာခဲ့တဲ့ မာရက်စ်ကာက သူ့အနေနဲ့ သူရဲ့ ပထမရာသီမှာ အသင်းကို Top 4 ဝင်ခွင့်အတွက် အသင်းဘက်ကနေ ဖိအားပေးထားတာမျိုး ရှိမနေဘူးလို့ ဆိုလိုက်ပါတယ်။
“ကျွန်တော် ပြောနိုင်တာကတော့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် ကလပ်အသင်းကနေ ဘယ်သူကမှ မတောင်းဆိုဘူး ဆိုတာနဲ့ ရာသီကုန်မှာ အဆင့်(၄)အတွင်း ဝင်အောင် လုပ်ဖို့လိုတယ်ဆိုပြီး ဘယ်သူကမှ မပြောခဲ့ဘူး ဆိုတာပါပဲ။”
Photo Credit : Chelsea Football Club
“အသင်းပိုင်ရှင်တွေက ပြောခဲ့တာကတော့ ကျွန်တော်တို့တွေ တစ်ဆင့်ပြီးတစ်ဆင့်ချင်းဆီပဲ ယှဉ်ပြိုင်သွားရမယ်လို့ပဲ ပြောခဲ့တာပါ။ နောက်ပြီး အသင်းက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတဲ့ ခံစားချက်ရှိဖို့ပဲ ပစ်မှတ်ထားပါတယ်။ ဒါက အရမ်းကောင်းတဲ့ ပစ်မှတ် ဖြစ်ပြီးတော့ အသင်းပိုင်ရှင် အားကစားဒါရိုက်တာ နည်းပြနဲ့ ကစားသမားတွေ အားလုံးဆီမှာ တူညီတဲ့ အတွေးအမြင်တွေ ရှိနေပြီး အားလုံးက တူညီတဲ့ ဦးတည်ရာကိုပဲ သွားနေကြပါတယ်။”
“ဒါက အခုချက်ချင်းကြီး ဖြစ်မလာနိုင်သေးရင်တောင်မှ တစ်လ နှစ်လနဲ့ လအနည်းငယ်လောက် အကြာမှာတော့ ဖြစ်လာနိုင်ပါတယ်။” လို့ နည်းပြ မာရက်စ်ကာက ပြောဆိုသွားခဲ့ပါတယ်။ မာရက်စ်ကာ ချယ်လ်ဆီးနည်းပြအဖြစ် ပထမဆုံးအကြိမ် ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ သူ့ဆရာဟောင်း ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ထိပ်တိုက် တွေ့ဆုံသွားရမှာ ဖြစ်ပါတယ်။