ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် မိုချန် ဂလာဘက်ရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ ဗားကတ်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ မားကပ် သူရမ်ဟာ လာမယ့် နွေဈေးကွက်မှာ အသင်းကနေ ထွက်ခွာတော့မယ့် အကြောင်း အတည်ပြုသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး မားကပ် သူရမ်က ယခုနှစ် ဘောလုံးရာသီမှာ ဂလာဘက်နဲ့အတူ ဂိုးသွင်းခြေတွေ့နေတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ဂလာဘက်အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၄ဂိုး အထိ သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

ဂလာဘက်နဲ့အတူ ပြသနိုင်ခဲ့တဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မားကပ် သူရမ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်း အတွက် ရွေးချယ်ခံခဲ့ရသလို ပြင်သစ်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးမသွင်းပေးနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

မားကပ် သူရမ်က အထောင်တိုက်စစ်မှူး စစ်စစ် တဦး ဖြစ်သလို လိုအပ်ရင် ဘယ်တောင်ပံနဲ့ ညာတောင်ပံတွေကို ထွက်ကစားနိုင်စွမ်း ရှိတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်ယူနိုင်မယ် ဆိုရင် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးနဲ့ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာတို့လည်း ပါဝင်နေပါတယ်။

Photo Credit: Team Talk

မားကပ် သူရမ် တယောက် အသင်းကနေ ထွက်ခွာတော့မယ့် အကြောင်းကို ဗားကတ်က – “မားကပ် သူရမ်နဲ့ ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုက မကြာခင် ပြီးဆုံးတော့မှာပါ။ မားကပ်က ကျွန်တော်တို့ထက် ပိုမို ကြီးမားတဲ့ ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့တော့မယ် ဆိုတာကို လက်မခံချင်လည်း လက်ခံရမှာပါပဲ။ ကျွန်တော်တို့က မားကပ်လို ကစားသမား တယောက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရတာဟာ မဖြစ်သင့်ပါဘူး။ ဒီအတွက် ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မကင်းသလို ခံစားရပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာတော့ ချယ်လ်ဆီးနဲ့ ဘာစီလိုနာတို့က မားကပ် သူရမ်ကို ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင် ဆွေးနွေးမှုတွေ ပြုလုပ်ထားကြပြီး မားကပ် သူရမ်ရဲ့ ဖခင်ဖြစ်သူ လီလီယန် သူရမ်ကတော့ သူ့ရဲ့သားကို ဘာစီလိုနာမှာ မြင်တွေ့ချင်ကြောင်း ထုတ်ဖော် ပြောဆိုဖူးပါတယ်။