မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်က လာမယ့်နွေရာသီ
အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်သွားချင်ကြောင်း သူရဲ့သူငယ်ချင်း အသိုင်းအဝိုင်းတွေကို ရင်ဖွင့်ပြောဆိုထားတယ်လို့ သိရှိရပါတယ်။
Photo Credit : Eurosport
အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာပဲ သူရဲ့ယူနိုက်တက် စီနီယာ ကစားသမားဘဝကို စတင်ခွင့် ရရှိခဲ့ပါတယ်။ ဆယ်ကျော်သက်အရွှယ်ကတည်းက အကောင်းဆုံး တောက်ပခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ နောက်ပိုင်းနှစ်တွေအတွင်း သူရဲ့ ခြေစွမ်းပိုင်းတွေ ကျဆင်းလာခဲ့သလို လက်ရှိ ယူနိုက်တက်နည်းပြ ရန်းနစ်လက်အောက်မှာလည်း ရပ်ရှ်ဖို့ဒ်ရဲ့ form အောက်နေမှုကြောင့် ပွဲကစားခွင့်တွေ အကန့်အသတ်နဲ့ ဖြစ်နေခဲ့တဲ့အပေါ် ရပ်ရှ်ဖို့ဒ်ကိုယ်တိုင် စိတ်ပျက်လာခဲ့လာလို့ အသင်းနဲ့ လက်တွဲဖြုတ်ဖို့အထိပါ စဉ်းစားလာခဲ့ရတာ ဖြစ်ပါတယ်။
Photo Credit : Fan Nation
ယူနိုက်တက်အသင်းကို ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ဂျေဒန်ဆန်ချိုတို့ ရောက်ရှိလာပြီးနောက်ပိုင်းကတည်းက ရပ်ရှ်ဖို့ဒ်ရဲ့ ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးလာခဲ့ရတာ ဖြစ်သလို ပွဲကစားခွင့် ရရှိချိန်မှာလည်း ရပ်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်က စိတ်ပျက်စရာကောင်းလောက်အောင်ကို ဆိုးရွှားခဲ့ရပါတယ်။ ဒါအပြင် အသက်လက်တီကိုအသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရင်း အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ပွဲစဉ်အပြီးမှာလည်း ယူနိုက်တက်အသင်း ပရိသတ်တချို့က ရပ်ရှ်ဖို့ဒ်ကို အော်ဟစ်လှောင်ပြောင်ခဲ့ရာ ရပ်ရှ်ဖို့ဒ်ကိုယ်တိုင် သည်းမခံနိုင်တော့ပဲ ပရိသတ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့အထိပါ ပြုမှုခဲ့တဲ့အပေါ် အသင်းပရိသတ်တွေက စိတ်ပျက်လို့နေပါတယ်။ ဒီလို အခြေအနေတွေကြောင့် ရပ်ရှ်ဖို့ဒ်ဟာ သူရဲ့ကစားသမားဘဝကို ပြန်လည်ရှင်သန်လာစေဖို့အတွက် လာမယ့် နွေစျေးကွက်အတွင်းမှာပဲ ယူနိုက်တက်အသင်းကနေ ထွက်ခွာသွားလိုကြောင်း ရင်းနှီးတဲ့ မိတ်ဆွေတွေကို ပြောဆိုထားခြင်း ရှိနေတယ်လို့ Football Insider ရဲ့ သတင်းအရင်းအမြစ်တွေကနေ ဖော်ပြလာခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၂၆)ပွဲ ပါဝင်ကစားထားခဲ့ပြီး စုစုပေါင်း သွင်းဂိုး(၅)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။