မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်ရပ်ဖိုဒ့်ဟက ယူနိုက်တက်အသင်းမှာ နည်းပြဟောင်းဟိုဆေးမော်ရင်ဟို ကိုင်တွယ်နေစဉ်တဲ့အချိန်တွင်း သူတို့အတွက် အလွန်ခက်ခဲလှတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရတယ်ဆိုပေမယ့် မော်ရင်ဟိုကြောင့်ပဲ သူဟာ ပိုမိုကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရတယ်လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။ မော်ရင်ဟိုနဲ့ ရပ်ဖိုဒ့်တို့နှစ်ယောက်ဟာ ယူနိုက်တက်အသင်းမှာ ၂၀၁၆ခုနှစ်ကနေ ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းလောက်အအထိ အတူလက်တွဲခဲ့ကြဖူးသူတွေဖြစ်ပါတယ်။

Photo Credit : Stroud News And Journal

အသက်(၂၂)နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးရပ်ဖိုဒ့်ဟာ မော်ရင်ဟိုနဲ့ ယူနိုက်တက်အသင်းမှာ လက်တွဲခဲ့စဉ်တုန်းက ယူရိုပါလိဂ်ဖလား လိဂ်ဖလားတို့ကို ဗိုလ်စွဲခဲ့သလို အသင်းရဲ့ပွဲထွက်လူစာရင်းမှာလည်း အမြဲတမ်းနီးပါး ပါဝင်ကစားခဲ့ရပေမယ့်လည်း မော်ရင်ဟိုရဲ့နည်းစနစ်တွေကြောင့် အသင်းရဲ့ကစားဟန်က တည်ငြိမ်မှုမရှိခဲ့ပဲ ရလဒ်တွေလည်း ဆိုးခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေတွေကပဲ သူ့ကို ဒီထက်ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်လာအောင် တွန်းပို့လိုက်သလို ဖြစ်စေခဲ့တယ်လို့ ရပ်ဖိုဒ့်က ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Bein Sport

ရပ်ဖိုဒ့်က “လွန်ခဲ့တဲ့ (၅)နှစ် (၆)နှစ်ခန့်ကို ပြန်ကြည့်မယ်ဆိုရင် ယူနိုက်တက်အသင်းအတွက် အရမ်းကို ခက်ခဲလှတဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေကနေပဲ အသင်းသားတွေအတွက် စိတ်ပိုင်းဆိုင်ရာ အားကောင်းလာမှုတွေကို ဖြစ်စေခဲ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ဆိုရင် အသင်းမှာ ဟိုဆေးကိုင်တွယ်နေတဲ့ (၂)နှစ်တာ ကာလအတွင်း အရမ်းကို တိုးတတ်ကောင်းမွန်လာခဲ့ရပါတယ်။ ကျွန်တော်တို့တွေက အတတ်အကျပိုင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်တွေက အရမ်းကို ခက်ခဲလွန်းခဲ့တယ်ဆိုပေမယ့် အဲ့ဒီခက်ခဲမှုတွေကပဲ ကျွန်တော့်ကို ပိုမိုကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာစေခဲ့ရပါတယ်” လို့ ပြောဆိုလာခဲ့ပါတယ်။ ရပ်ဖိုဒ့်ဟာ အဲ့ဒီအချိန်တုန်းက အသင်းမှာ အီဗရာဟီမိုဗစ်လို ဝါရင့်ကစားသမားကြီးနဲ့ တွဲဖက်ကစားခဲ့ရတာဖြစ်ပြီး မိုဗစ်ရဲ့စိတ်ဓါတ်ကြံခိုင်မှုတွေက သူလေးစားအားကျစရာဖြစ်ခဲ့ရတယ်လို့ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။