MySport Myanmar

အင်္ဂလန်အတွက် ပြန်ကစားပေးခွင့် ရရှိခဲ့လို့ ဝမ်းမြောက် ပျော်ရွှင်နေတဲ့ ရပ်ရှ်ဖို့ဒ်

ယူရို-၂၀၂၀ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီးနောက်ပိုင်း အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခွင့် မရရှိတော့တဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ အခုဆိုရင်တော့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲသွားမယ့် အင်္ဂလန်အသင်းရဲ့ အပြီးသတ် ကစားသမား(၂၆)ယောက်စာရင်းမှာ ပြန်လည် ပါဝင်လာခဲ့ရပြီဖြစ်လို့ အခုလို ရွေးချယ်ခံရခြင်းအပေါ် ဝမ်းမြောက် ပျော်ရွှင်နေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Photo Credit : United in Focus

ယူရိုပြိုင်ပွဲရဲ့ဗိုလ်လုပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူနေစဥ်အတွင်း ဂိုးဝင်အောင် မသွင်းနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ ဒီပြိုင်ပွဲအပြီးမှာလည်း သူရဲ့ ပခုံးဒဏ်ရာအတွက် ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရရင်း ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ တစ်ရာသီအတွင်း (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ကစားသမားဘဝရဲ့ အဆိုးရွှားဆုံး ဘောလုံးရာသီ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနှစ် ဘောလုံးရာသီမှာတော့ နည်းပြအဲရစ်တန်ဟက်ဂ်နဲ့ လက်တွဲရချိန်မှာ ပုံစံကောင်းတွေ ပြန်လည် ပြသလာခဲ့ရင်း နောက်ဆုံးမှာတော့ အင်္ဂလန်အသင်းနဲ့အတူ ကာတာမှာ 2022 World Cup ပြိုင်ပွဲကြီးကို ဆင်နွဲရဖို့ အခွင့်အရေး ရရှိလာခဲ့ပါတယ်။

Photo Credit : Sky Sports

“ကျွန်တော်ရဲ့ ရည်ရွယ်ချက်က ဘောလုံးကို ပျော်ပျော်ပါးပါးနဲ့ ပြန်ကစားဖို့ပဲလို့ ထင်ပါတယ်။ ဂိုးတွေ သွင်းယူပြီး အောင်ပွဲခံနိုင်ရင် ကျွန်တော် ပျော်ရွှင်ရပါတယ်။ ကျွန်တော့်အတွက်ကတော့ ယူနိုက်တက်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေနိုင်မယ်ဆိုရင် အင်္ဂလန်အတွက် ကစားပေးရဖို့ကလည်း နီးစပ်နေရမယ်လို့ ထင်ပါတယ်။ အင်္ဂလန်အတွက် ပြန်ကစားခွင့်ရခဲ့တာကို ကျေနပ်မိပြီး ကျွန်တော်တို့ အင်္ဂလန်အသင်းအတွက်လည်း ကြီးမားတဲ့ အချိန်တစ်ခု ဖြစ်လာတော့မှာပါ။ အဲ့ဒါကို ကျွန်တော် စောင့်မျှော်နေပါတယ်။ ဒါပေမယ့် လာမယ့် တနင်္ဂနွေနေ့မှာ ယူနိုက်တက်အတွက် နိုင်ပွဲရယူနိုင်အတွက်ကိုပဲ ပိုမို မျှော်လင့်ထားပါတယ်” ရပ်ရှ်ဖို့ဒ်က ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၈)ပွဲ ကစားထားပြီးချိန်မှာ သွင်းဂိုး(၈)ဂိုးထိပါ သွင်းယူထားနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ တစ်ရာသီလုံးက သွင်းယူခဲ့တဲ့ ဂိုးပမာဏထက်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်အနေနဲ့ အင်္ဂလန်အတူ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး မဆင်နွဲရသေးခင်မှာပဲ လာမယ့် တနင်္ဂနွေမှာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားပေးရဦးမှာဖြစ်ပြီး အဲ့ဒီပွဲစဉ်အပြီးမှသာ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းနိုင်မှာလည်း ဖြစ်ပါတယ်။

Exit mobile version