မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ဖိုဒ့်ကတော့ လက်ရှိမှာ သူရဲ့အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာရက်သတ္တပတ်ကို ဖြတ်သန်းလျက်ရှိနေပြီး မနေ့ညက ကျင်းပခဲ့တဲ့ UEFA Nations League ပွဲစဉ်မှာလည်း အင်္ဂလန်အသင်းအတွက် ပွဲထွက်ကစားခဲ့ရကာ အသင်းအတွက် ပင်နယ်တီကနေတစ်ဆင့် အဖိုးတန်ချေပဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို လက်ရွေးစင်အသင်းအတွက် သွင်းဂိုးရယူနိုင်ခဲ့တဲ့ ရပ်ဖိုဒ့်ဟာ သူရဲ့ယူနိုက်တက်စီနီယာကြီး (၃)ယောက်ရဲ့စံချိန်မှတ်တမ်းတွေနဲ့ပါ တူညီသွားခဲ့ရပါတယ်။

Photo Credit : Mirror

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမားရပ်ဖိုဒ့်ဟာ မနေ့ညက ဘယ်ဂျီယံအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ Nations League ပွဲစဉ်အတွင်းမှာ ဘယ်ခြမ်းတိုက်စစ်ကနေ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းကောင်းတွေ အထိုက်အလျောက် ပြသနိုင်ခဲ့သလို အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် ရပ်ဖိုဒ့်ဟာ အင်္ဂလန်အသင်းအတွက် (၄)ပွဲဆက်တိုက် ဂိုးသွင်းလာနိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒီမှတ်တမ်းကောင်းမျိုးကို ယူနိုက်တက်ရဲ့ကစားသမားဟောင်းတွေဖြစ်တဲ့ ဘော်ဘီချာတန် ဒေးဗစ်ဘက်ခမ်းနဲ့ ဝိန်းရူနီတို့ပါ ရယူနိုင်ခဲ့ဖူးတယ်လို့ သိရှိရပါတယ်။

Photo Credit : Mirror

ရပ်ဖိုဒ့်ဟာ ယူရို-၂၀၂ဝခြေစစ်ပွဲတွေဖြစ်တဲ့ ဘူဂေးရီးယား မွန်တီနီဂရိုးနဲ့ ကိုဆိုဗိုအသင်းတွေနဲ့ ပွဲစဉ်တွေအတွင်းမှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုးတွေကို ဆက်တိုက်သွင်းယူနိုင်ခဲ့ပြီး အခုလည်း ဘယ်ဂျီယံနဲ့ပွဲမှာပါ သွင်းဂိုးရယူနိုင်ခဲ့တာဖြစ်လို့ (၄)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ (၄)ယောက်မြောက် အင်္ဂလန်ကိုယ်စားပြု မန်ချက်စတာယူနိုက်တက်အသင်းသာအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ရပ်ဖိုဒ့်ရဲ့အင်္ဂလန်အသင်းဟာ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့်(၁)နေရာကို အရယူထားနိုင်တဲ့ ဘယ်ဂျီယံအသင်းကို ရပ်ဖိုဒ့် မေဆန်မောင့်တို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပြီး အုပ်စုဗိုလ်နေရာကိုပါ ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ နိုင်ပွဲရခဲ့တဲ့အပေါ် အင်္ဂလန်နည်းပြဆောက်ဂိတ်က အရမ်းကို ဝမ်းမြောက်လို့နေပြီး တကယ့်ကို ထိပ်တန်းခြေစွမ်းမျိုးနဲ့ ကစားနိုင်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ကာ သူတို့အသင်းကလည်း အတွေ့အကြုံကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ လူငယ်ကြယ်ပွင့်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းလို့ပါ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် အသင်းအတွက် သွင်းဂိုးတွေရယူနိုင်ခဲ့တဲ့ ရပ်ဖိုဒ့်နဲ့ မေဆန်မောင့်တို့ကိုလည်း ဆောက်ဂိတ်က ချီးမွမ်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့်ကြာသပတေးနေ့မှာတော့ ဒိန်းမတ်အသင်းနဲ့ Nations League ပွဲစဉ်အဖြစ် ဆက်လက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။