MySport Myanmar

သွင်းဂိုးတွေနဲ့ တောက်ပလာခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မန်ယူ ကြိုးပမ်းနေ

မန်ချက်စတာယူနိုက်တက်ဒ်အသင်းနဲ့ အသင်းရဲ့အဓိက ကစားသမားဖြစ်သူ မားကပ်စ်ရပ်ရှ်ဖို့ဒ်တို့ဟာ စာချုပ်ကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်လျက် ရှိနေပြီး မကြာခင်မှာပဲ စာချုပ်သစ်ကိစ္စ ပြီးမြောက်သွားနိုင်လိမ့်မယ်လို့လည်း ယူနိုက်တက်ဒ်အသင်းဘက်က ယုံကြည်နေပါတယ်။

Photo Credit : Daily Mail

အသက်(၂၅)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်လက်အောက်မှာ အတော်လေးကို တောက်ပလာခဲ့သူဖြစ်ပြီး ၂၀၂၂ကာတာကမ္ဘာ့ဖလားအပြီး ကလပ်အသင်းပွဲတွေ ပြန်လည် စတင်ချိန်ကနေ မန်ချက်စတာဒါဘီ ပွဲစဉ်အခိ (၇)ပွဲဆက်တိုက် ဂိုးတွေ သွင်းယူနိုင်ခဲ့သလို သူရဲ့ ဒီရာသီ ယူနိုက်တက်ဒ်အတွက် စုစုပေါင်း သွင်းဂိုးဟာလည်း (၁၆)ဂိုးအထိ ရှိလာခဲ့ရပါတယ်။ ဒီရာသီမှာ ယူနိုက်တက်ဒ်အတွက် အကောင်းဆုံး စွမ်းဆောင်နေနိုင်တဲ့ ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်သော ရပ်ရှ်ဖို့ဒ်ကို ယူနိုက်တက်ဒ်ဘက်က စာချုပ်သစ် ချုပ်ဆိုပြီး အသင်းမှာ ကာလရှည်ကြာ ဆက်လက် ထိန်းသိမ်းဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်ဒ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူ ရပ်ရှ်ဖို့ဒ်ဟာ အခုနှစ် နွေရာသီမှာပဲ ယူနိုက်တက်ဒ်နဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပေမဲ့ သူရဲ့စာချုပ်ထဲမှာ တစ်နှစ် ထပ်တိုးခွင့်ကို ထည့်သွင်းထားခဲ့လို့ ဒီ option ကို ယူနိုက်တက်ဒ်က အသုံးပြုခဲ့တာကြောင့် ရပ်ရှ်ဖို့ဒ် စာချုပ်က ၂၀၂၄ခုနှစ်အထိ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမဲ့ ရပ်ရှ်ဖို့ဒ်က လက်ရှိမှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်း ပြသလျက် ရှိနေသလို သူ့ကိုလည်း ပီအက်စ်ဂျီ အပါအဝင် ဥရောပ ထိပ်သီးကလပ်အသင်းတွေကပါ အလိုရှိလာခဲ့တာကြောင့် ယူနိုက်တက်ဒ်ဘက်က ရပ်ရှ်ဖို့ဒ်ကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ ကနဦးပိုင်းမှာတော့ ယူနိုက်တက်ဒ်နဲ့ အနာဂတ် မရေမရာသလို ဖြစ်လာခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ကို ပီအက်စ်ဂျီ အသင်းဥက္ကဌ အယ်လ်ခါလိုင်ဖီကိုယ်တိုင် ကြိုးပမ်းမှုတွေ ရှိခဲ့ပေမဲ့ တန်ဟက်ဂ်က ရပ်ရှ်ဖို့ဒ်ကို လုံးဝ လက်မလွတ်ခဲ့သလို ရပ်ရှ်ဖို့ဒ်ဟာ အသင်းအတွက် အရေးပါလာမဲ့ ကစားသမားဖြစ်လို့ အသင်းမှာပဲ ဆက်လက် ထားရှိသွားမယ်လို့သာ ဆုံးဖြတ်ခဲ့ပါတယ်။ အခုဆိုရင်လည်း ရပ်ရှ်ဖို့ဒ်ဟာ တန်ဟက်ဂ်ရဲ့ ယုံကြည်မှုတွေနဲ့အတူ တောက်ပလာနေပြီဖြစ်လို့ အသင်းကနေ သူ့ကို အမြန်အဆန် စာချုပ်သစ် ချုပ်ဆိုသွားဖို့ပါ စီစဉ်လာခဲ့ရတာပဲ ဖြစ်ပါတယ်။

Exit mobile version