ပီအက်စ်ဂျီအသင်းရဲ့နည်းပြဖြစ်သူ သောမတ်စ်တူချယ်က ဒီနေ့ညမှာ သူတို့အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းဘက်မှာ ပါဝင်လာမယ့် ကစားသမားတွေအနက် တိုက်စစ်ကစားသမား မားကပ်စ်ရပ်ဖိုဒ့်က သူတို့အသင်းအတွက် ဒုက္ခကောင်းကောင်းပေးနိုင်မယ့် ကစားသမားတစ်ယောက်ဖြစ်ကြောင်း ပြောဆိုခဲ့သလို ရပ်ဖိုဒ့်ရဲ့ကွင်းအတွင်းကွင်းအပြင် စွမ်းဆောင်ရည်တွေကိုလည်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football365

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ဖိုဒ့်ဟာ ပီအက်စ်ဂျီအသင်းနဲ့ (၃)ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး အဲ့ဒီထဲကမှ ပဲရစ်မှာ ဆုံတွေ့ခဲ့တဲ့ (၂)ကြိမ်လုံးမှာတော့ သူရဲ့ယူနိုက်တက်အသင်းအတွက် နိုင်ပွဲရစေနိုင်မယ့် သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အခုလည်း အိုးထရက်ဖိုဒ့်ကွင်းမှာ ပြန်လည်ရင်ဆိုင်ရမယ့် ပွဲစဉ်မှာလည်း ရပ်ဖိုဒ့်ဟာ ယူနိုက်တက်အသင်းဘက်ကနေ ပါဝင်လာဦးမှာဖြစ်လို့ ဒီကစားသမားကို အသင်းအတွက် အထူးသတိရလိမ့်မယ်လို့ နည်းပြတူချယ်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

တူချယ်က “ရပ်ဖိုဒ့်အနေနဲ့ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အဖြစ် ပါဝင်ကစားတဲ့အချိန်ဆိုရင် ကျွန်တော်တို့ သူ့ကို တန်ဖိုးထားရတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့အပေါ် စိတ်အနှောင့်အယှက်လေးတွေ ပေးထားခဲ့တာကြောင့်ပါ။ ဒီကောင်လေးက ငယ်ငယ်ရွှယ်ရွှယ်လေးနဲ့ ကွင်းအတွင်းကွင်းအပြင် ကိစ္စရပ်တွေကို တာဝန်ကျေကျေနဲ့ အထင်ကြီးစရာကောင်းအောင် လုပ်ဆောင်ထားနိုင်ပါတယ်။ ကျွန်တော် သူ့ကို ပြိုင်ဘက်အဖြစ်နဲ့ (၃)ကြိမ်အထိ ဆုံတွေ့ခဲ့ပြီး တွေ့ဆုံရတဲ့ အချိန်တိုင်းလိုလိုမှာ သူက တည်တည်ငြိမ်ငြိမ်နဲ့ နှိမ့်ချတတ်တဲ့ အရမ်းကောင်းတဲ့ ပြိုင်ဘက်အဖြစ်နဲ့ ကျွန်တော်တို့ုကို ရင်ဆိုင်ခဲ့ပါတယ်။ သူက သူရဲ့ပြေးအားတွေ ဂိုးသွင်းအားကောင်းမှုတွေ စိတ်ဓါတ်ကြံခိုင်မှုတွေနဲ့ အဆုံးသတ်ကောင်းမှုတွေနဲ့ ပြိုင်ဘက်တိုင်းကို ခြိမ်းခြောက်နိုင်ပါတယ်။ သူရဲ့ဧရိယာပြင်ပနဲ့ ဧရိယာအတွင်း ကန်ချက်တွေကလည်း အလွန်ကို တိကျသေသပ်လွန်းတယ်။ ကောင်တာတိုက်စစ် ကစားရမှာလည်း အလွန်ကို မြန်ဆန်လွန်းလှသူ ဖြစ်သလို လေထဲမှာ ခေါင်းခုန်တိုက်ရာမှာလည်း ထူးချွန်တယ်။ သူက အသင်းအတွက် အတော်လေးကို အကျိုးပြုနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့လို ကစားသမားမျိုးကို အကယ်ဒမီကနေ မွေးထုတ်နိုင်ခဲ့တာကလည်း ယူနိုက်တက်အသင်းအတွက် အတော်လေးကို ကောင်းမွန်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။