MySport Myanmar

စီးတီးကို ဂိုးပြတ်ရှုံးတဲ့ညမှာပဲ နိုက်ကလပ်ဆီ သွားကာ ကဲခဲ့တဲ့ မားကပ် ရက်ဖို့ဒ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၀-၃ မန်ချက်စတာ စီးတီး ပွဲအပြီးမှာ မန်ချက်စတာမြို့မှာ ရှိတဲ့ နာမည်ကြီး နိုက်ကလပ် တခုဆီ သွားကာ ကဲခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

မားကပ် ရက်ဖို့ဒ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အဖြစ် မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ဂိုးပြတ် ရှုံးနိမ့်ခဲ့သလို ခြေစွမ်းပိုင်းမှာလည်း ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: Mirror

အဆိုပါပွဲမှာ မားကပ် ရက်ဖို့ဒ်က ယူနိုက်တက်ရဲ့ တိုက်စစ်ကို အဓိက ဦးဆောင် ကစားခဲ့သူ ဖြစ်ပေမယ့် သူက ရလာတဲ့ ဂိုးသွင်းခွင့် တချို့ကို အသုံးမချနိုင်ခဲ့သလို ခြေစွမ်းကောင်းတွေ ရရှိဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၀-၃ မန်ချက်စတာ စီးတီး ပွဲအပြီးမှာ ယူနိုက်တက်ရဲ့ ပရိသတ်တွေကရော ၊ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတွေကပါ ယူနိုက်တက် ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုနဲ့ စိတ်ဓာတ်ပိုင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပေမယ့် ရက်ဖို့ဒ် အပါအဝင် ယူနိုက်တက်ရဲ့ ကစားသမား အများအပြားကတော့ ဝေဖန်မှုတွေကို လျစ်လျူရှုထားကြပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျိမ်းစ် ဒက်ကာရဲ့ ဖော်ပြချက်အရ မားကပ် ရက်ဖို့ဒ်ဟာ မန်ချက်စတာဒါဘီပွဲ အပြီးမှာပဲ မန်ချက်စတာမြို့တွင်းမှာ ရှိတဲ့ နာမည်ကြီး နိုက်ကလပ် တခုဆီ သွားကာ သူ့ရဲ့ မွေးနေ့ပွဲကို ဆင်နွှဲခဲ့ပြီး မိုးလင်းခါနီးမှသာ အိမ်ကို ပြန်သွားခဲ့ကြောင်း သိရပါတယ်။

ရက်ဖို့ဒ်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေက အဆိုပါ မွေးနေ့ပွဲကို မန်ချက်စတာဒါဘီပွဲ မကန်ခင်ထဲက စီစဉ်ထားခဲ့တာ ဖြစ်ပြီး ဒဏ်ရာရနေတဲ့ ယူနိုက်တက် ဘယ်နောက်ခံလူ မာလာစီယာကလည်း အဆိုပါ ပါတီပွဲကို တက်ရောက်ခဲ့ကြောင်း အခြား သတင်းရင်းမြစ်တွေက ဖော်ပြထားပါသေးတယ်။

Exit mobile version