မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးလည်းဖြစ်ပြီး လက်ရှိ အာဂျင်တီးနားထိပ်တန်းကလပ် ဘိုကာဂျူနီယာအသင်းရဲ့ နောက်ခံလူတစ်ယောက်လည်းဖြစ်တဲ့ မားကို့စ်ရိုဟိုက သူရဲ့ယူနိုက်တက်အသင်းဖော်ဟောင်းဖြစ်တဲ့ ဝါရင့်တိုက်စစ်ကစားသမား အက်ဒီဆင်ကာဗာနီနဲ့ သူဟာ ပုံမှန်အဆက်အသွယ်တွေ ရှိနေတာဖြစ်ပြီး သူသာ ဘိုကာဂျူနီယာအသင်းကို ရောက်ရှိလာမယ်ဆိုရင်တော့ အာဂျင်တီးနားလိဂ်ရဲ့ အကျော်ကြားဆုံး ကြယ်ပွင့်ဖြစ်လာလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၄)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား ကာဗာနီဟာ ပြီးခဲ့တဲ့နွေစျေးကွက်ကမှ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ဒီရာသီအတွင်း သွင်းဂိုး(၇)ဂိုးအထိ သွင်းယူထားကာ အထိုက်အလျောက် ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။ ကာဗာနီဟာ ယူနိုက်တက်အသင်းနဲ့ တစ်နှစ်စာချုပ်သာ ချုပ်ဆိုထားတာဖြစ်ပြီး ထပ်မံတစ်နှစ်တိုးခွင့်ကိုပါ ထည့်သွင်းထားခဲ့ပေမယ့် ကစားသမားဘက်ကနေ တောင်အမေရိကကို ပြန်သွားချင်နေသလို သူ့ကိုလည်း အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းကနေ ခေါ်ယူချင်နေတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ကာ ကာဗာနီရဲ့ အနာဂတ်တွေပါ လှုပ်ခတ်လာခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီလို ဘိုကာဂျူနီယာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ကာဗာနီနဲ့ပတ်သက်ပြီး ကာဗာနီနဲ့ ယူနိုက်တက်မှာ တွဲဖက်ကစားခဲ့ဖူးတဲ့ ရိုဟိုက “ကာဗာနီနဲ့ ကျွန်တော် စကားပြောဖြစ်တယ်။ ကျွန်တော်က သူနဲ့လည်း အကြိမ်အနည်းငယ်လောက် တွဲကစားခဲ့ဖူးပါတယ်။ ယူနိုက်တက်မှာလည်း ကျွန်တော်တို့တွေက (၄) (၅)လလောက် အတူရှိနေခဲ့ရတယ်။ သူက တကယ့်ကို ထိပ်တန်းကစားသမားတစ်ယောက်ပါ။ တကယ်လို့ သူသာ အာဂျင်တီးနား ဘောလုံးလောကထဲကို ရောက်ရှိလာမယ်ဆိုရင်တော့ သူက ဒီမှာ ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်လာမှာ သေချာနေသလို အာဂျင်တီးနား ဘောလုံးပြိုင်ပွဲအတွက်လည်း အကောင်းဆုံးတွေ ဖြစ်လာမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ ကာဗာနီရဲ့ဖခင်ဖြစ်သူကလည်း သူသားဟာ အင်္ဂလန်နိုင်ငံရဲ့ ရာသီဥတုနဲ့ အသားကျမှုမရှိသလို အက်အေရဲ့စည်းမျဉ်းတွေဟာလည်း သူနဲ့ အဆင်မပြေ ဖြစ်ခဲ့တာကြောင့် ယူနိုက်တက်နဲ့ လမ်းခွဲပြီး တောင်အမေရိကကိုသာ ပြန်သွားချင်နေတယ်လို့ ပြောဆိုခဲ့သလို ဘိုကာဂျူနီယာအသင်းနဲ့လည်း အဆက်အသွယ်တွေ ရှိနေတယ်လို့ပါ ပြောဆိုထားခဲ့ပါတယ်။