ပရီးမီးယားလိဂ်ရဲ့ တန်းတက်အသင်း တသင်း ဖြစ်တဲ့ ဖူလ်ဟမ်ရဲ့ နည်းပြဖြစ်သူ မာကို ဆေးလ်ဗားကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်ကို အဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အာဆင်နယ်ဟာ သူတို့ကို ကံကောင်းလို့သာ နိုင်သွားခဲ့တာပါလို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ယမန်နှစ် ဘောလုံးရာသီမှာ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်လာနိုင်ခဲ့တဲ့ ဖူလ်ဟမ်က ယခုနှစ် ဘောလုံးရာသီမှာလည်း သင့်တင့်တဲ့ ရလဒ်တွေ ရရှိထားပြီး အာဆင်နယ်နဲ့ ပွဲစဉ်မတိုင်မီ ကစားခဲ့တဲ့ ၃ပွဲမှာ ၁ပွဲနိုင် ၂ပွဲသရေ ရလဒ်ကို ရရှိထားပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ဖူလ်ဟမ်က ပရီးမီးယားလိဂ် ပွဲစဉ်(၄) အဖြစ် အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားခဲ့ရာမှာ ခြေစွမ်းကောင်းနေတဲ့ အာဆင်နယ်ကို အသာစီး ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့် အာဆင်နယ်ရဲ့ တရစပ် တိုက်စစ်ဆင်မှုတွေကြောင့် နောက်ကျ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည် ခွင့်ပြုပေးခဲ့ရင်း ဒီရာသီ ပထမဦးဆုံး ပရီးမီးယားလိဂ် ရှုံးပွဲကို မြည်းစမ်းခဲ့ရပါတယ်။

အဝေးကွင်းမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ရပေမယ့် ဖူလ်ဟမ်နည်းပြ မာကို ဆေးလ်ဗားကတော့ သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းကို သဘောကျနေပြီး အာဆင်နယ်က ကံကောင်းသွားလို့သာ သူတို့အသင်းကို အနိုင်ရခဲ့တာ ဖြစ်ကြောင်းနဲ့ သူတို့အသင်းဟာ အနည်းဆုံး သရေတမှတ် ရခဲ့သင့်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

မာကို ဆေးလ်ဗားက – “ဒီနေ့ပွဲအတွက် ကျွန်တော့်ရဲ့ ကစားသမားတွေကို ချီးကျူးချင်ပါတယ်။ သူတို့က ပွဲစကနေ ပွဲပြီးတဲ့ အထိ အာဆင်နယ်ကို စိန်ခေါ်မှုအပြည့်နဲ့ အစွမ်းကုန် ကြိုးစား ကစားသွားခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က ဘောလုံးကို ထိန်းချုပ် ကစားခွင့် ရဖို့ ခက်ခဲခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ဖိအားပေး ကစားပုံက ပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့သေးတယ်။ ကျွန်တော်တို့က ဒီထက် ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်သေးသလို ဒီထက်ပိုကောင်းတဲ့ ရလဒ်နဲ့လည်း ထိုက်တန်ခဲ့ပါတယ်။ အာဆင်နယ်က အခွင့်အရေးကောင်းတွေ များများစားစား မရခဲ့ပါဘူး။ သူတို့က ကျွန်တော်တို့ကို သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် နှစ်ဂိုးစလုံးက ကံကောင်းလို့ ရသွားတဲ့ ဂိုးတွေပါ။ ကျွန်တော်တို့ အတွက် ကံဆိုးစေတဲ့ ဂိုးတွေပေါ့။ အာဆင်နယ်က ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့တာကို မမြင်တွေ့ခဲ့ရပါဘူး။ ၀-၁ ဖြစ်နေတဲ့ အချိန်မှာ အာဆင်နယ်က ကံကောင်းစွာနဲ့ လူထိမှုကနေ ချေပဂိုး ပြန်ရသွားခဲ့ပါတယ်။ ပြီးတော့ သူတို့က အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာတောင် ကျွန်တော်တို့က အဆုံးအထိ တိုက်ပွဲဝင်သွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ရခဲ့တဲ့ ကံဆိုးမှုတွေက အနာဂတ်မှာ ကျွန်တော်တို့ကို ကူညီပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။