လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်ကတည်းကနေ လက်ရှိအချိန်အထိ ဒေါ့မွန်အသင်းမှာပဲ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပါဝင်ကစားခဲ့တဲ့ ဝါရင့် ကစားသမားကြီး မားကိုရူးစ်ဟာ ဒီနှစ် ဘောလုံးရာသီအကုန်မှာပဲ ဒေါ့မွန်အသင်းကနေ စွန့်ခွာသွားတော့မယ်လို့ သိရပါတယ်။

အသက် (၃၄)နှစ်အရွယ် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမားကြီး မားကိုရူးစ်ဟာ ၂၀၁၂ခုနှစ်မှာပဲ မိုချန်ဂလာဘတ်ကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အခုဆိုရင်တော့ ဒေါ့မွန်အတွက် ဘောလုံးရာသီ (၁၂)ရာသီမြောက်ကို ပါဝင်ကစားလျက် ရှိနေပါတယ်။

Photo Credit : Transfermarket

ဘောလုံးအရည်အသွေး ကောင်းမွန်သူ ဖြစ်ပေမယ့်လည်း မကြာခဏဆိုသလို ဒဏ်ရာတွေ ရနေတက်တဲ့ မားကိုရူးစ်ဟာ ဒေါ့မွန်အတွက်တော့ ကာလရှည်ကြာ ကစားပေးနိုင်သူဖြစ်ပြီး အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂေါ့ဇီ လီဝန်ဒေါစကီး ဆန်ချို ဟာလန်းတို့ တခြားသော အသင်းတွေဆီ ပြောင်းရွှေ့ခဲ့သည့်တိုင် မားကိုရူးစ်ကတော့ ဒေါ့မွန်မှာပဲ ဆက်လက် ရှိနေခဲ့ပါတယ်။

မားကိုရူးစ်က ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီလမှာပဲ ဒေါ့မွန်အသင်းနဲ့ တစ်ရာသီ စာချုပ်သက်တမ်း တိုးမြှင့်ထားပြီး ဒီရာသီမှာလည်း ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ (၂၈)အထိ ကစားပေးထားသလို (၆)ဂိုးသွင်းယူကာ (၅)ဂိုးအထိ ဖန်တီးပေးထားခဲ့ပါတယ်။

Photo Credit : Goal

ဒါပေမယ့် မားကိုရူးစ်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ စာချုပ်သက်တမ်းက ဒီရာသီအကုန်မှာပဲ ကုန်ဆုံးသွားတော့မှာဖြစ်ပြီး ကစားသမားနဲ့ အသင်းရဲ့ကြား စာချုပ်ကိစ္စ ညှိနှိုင်းမှုတွေလည်း ရှိမနေတာကြောင့် လာမယ့်နွေမှာ မားကိုရူးစ်ကို ဒေါ့မွန်ဂျာစီနဲ့ မဟုတ်ပဲ တခြားအသင်းတစ်သင်းသင်းရဲ့ ဂျာစီနဲ့ တွေ့မြင်ရနိုင်ပါတယ်။

ဒီလို free agent player ဖြစ်လာတော့မယ့် ဝါရင့် ကစားသမားကြီး မားကိုရူးစ်ကို သူ့အသင်းဟောင်း မိုချန်ဂလာဘတ်အသင်းနဲ့ မေဂျာလိဂ်က ကလပ်အသင်းတွေက အပြိုင် ကမ်းလှမ်းကြဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။