ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဒေါ့မွန်ရဲ့ အသင်းခေါင်းဆောင် မာကိုရူစ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒေါ့မွန် ၁-၀ ရှော်ကေး ပွဲစဉ်မှာ ပြင်းထန်တဲ့ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားတာကြောင့် လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

အသက် ၃၃နှစ် အရွယ် ဝါရင့် ကွင်းလယ်တိုက်စစ် ကစားသမား မာကိုရူစ်ဟာ ဂျာမဏီအသင်းရဲ့ အဓိက ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ရလေ့ ရှိတာကြောင့် ကမ္ဘာ့ဖလား ၊ ယူရို စတဲ့ ပြိုင်ပွဲကြီးတွေကို လွဲချော်လေ့ ရှိတတ်သူပါ။

Photo Credit: Be Soccer

ဒါကြောင့်ပဲ မာကိုရူစ်က သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ကစားနိုင်ဖို့ အတွက် ယခုနှစ် ဘောလုံးရာသီမှာ အတတ်နိုင်ဆုံး ဒဏ်ရာမရအောင် ကစားနေပေမယ့် ယမန်နေ့ညမှာတော့ ကံမကောင်းစွာနဲ့ပဲ သူဟာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

မာကိုရူစ်က ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားချိန်မှာ အတော်လေး နာကျင်ခဲ့တာကို မြင်တွေ့ရသလို လမ်းမလျှောက်နိုင်တော့တာကြောင့် ဆေးအဖွဲ့ အကူအညီနဲ့တောင် ကွင်းပြင်ကို ထွက်ခဲ့ရပြီး ကျွမ်းကျင်သူတွေကတော့ မာကိုရူစ်ရဲ့ ဒဏ်ရာဟာ ပြင်းထန်ကာ မာကိုရူစ်အနေနဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ အနည်းဆုံး ၁လ ကနေ အများဆုံး ၂လ ဝန်းကျင် အထိ အနားယူရနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

Photo Credit: Be Soccer

ဒေါ့မွန်နည်းပြဖြစ်သူ တာဇစ်ကလည်း မာကိုရူစ်ဟာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သလို မာကိုရူစ် တယောက် ဒဏ်ရာကြောင့် ဘယ်လောက်အထိ အနားယူရမလဲ ဆိုတာကို သူတို့အသင်းအနေနဲ့ မသိရှိရသေးကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မာကိုရူစ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး တာဇစ်က – “အခုချိန်မှာ ကျွန်တော့်လောက် အသင်းရဲ့ ဆရာဝန်နဲ့ စကားပြောရတဲ့လူ ရှိမယ် မထင်ပါဘူး။ (သူတို့အသင်းမှာ ဒဏ်ရာရ ကစားသမား များပြားနေမှုအား ရည်ရွယ်လျက်) ဒီနေ့မှာလည်း ကျွန်တော်တို့က အသင်းခေါင်းဆောင်ကို ထပ်ပြီး ဆုံးရှုံးခဲ့ရပြန်ပါပြီ။ ဒါက အတော်လေးကို ဆိုးရွားပါတယ်။ ပြီးတော့ အတော်လေး ကံမကောင်းတာပဲလို့ ပြောရင်လည်း မှန်မယ် ထင်ပါတယ်။ မာကိုက ခြေကျင်းဝတ်ဒဏ်ရာ ရသွားခဲ့တာပါ။ ပထမပိုင်းပြီးတော့ ကျွန်တော်က သူနဲ့ စကားအနည်းငယ် ပြောဖြစ်ခဲ့ပါတယ်။ သူက အတော်လေးကို နာကျင်နေခဲ့တာပါ။ သူ့ရဲ့ ဒဏ်ရာဟာ ဘယ်လောက်အထိ ဆိုးရွားနေလဲ ဆိုတာကိုတော့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ မာကို တယောက် ခြေစွမ်းကောင်းတွေ ပြသနေချိန်မှာမှ ဒဏ်ရာရသွားတာဟာ အတော်လေးကို ဆိုးဝါးတဲ့ ကိစ္စပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။