အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ မာခီစီယို ကတော့ လက်ရှိ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းမှာ ကစားနေပြီး အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေတဲ့ အသင်းဖော်ဟောင်း ပေါလ်ပေါ့ဘာကို ဂျူဗင်တပ် အသင်းဆီ ပြန်လာဖို့ တိုက်တွန်းမှုတွေ ပြုလုပ် သွားခဲ့ပါတယ်။ အသက် ၂၇နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါ့ဘာဟာ လက်ရှိ ဘောလုံးရာသီမှာ သူ့ရဲ့ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန် နေရပြီး ကလပ်အသင်း အတွက် နောက်ဆုံး ပါဝင် ကစားပေးခဲ့တဲ့ ပွဲစဉ်တွေမှာ ဆိုရင် ကစားပုံ အတော်လေး ဆိုးရွားခဲ့တာကြောင့် ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

Photo Credit: Metro

ဒါ့ကြောင့် ပြင်သစ် လက်ရွေးစင် အသင်းနဲ့အတူ ရှိနေစဉ် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ပေါ့ဘာက လက်ရှိအချိန်ဟာ သူ့ရဲ့ ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အခက်ခဲဆုံး အချိန်တစ်ခု ဖြစ်ပြီး ပြင်သစ် လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းခွင့် ရတာဟာ သူ့အတွက် သက်သာရာ ရစေတဲ့ ကိစ္စတစ်ခု ဖြစ်ကြောင်း ဖြေဆို သွားခဲ့ပါတယ်။ အဆိုပါ အင်တာဗျူး အစီအစဉ်ကို ထုတ်လွှင့်ပြီး နောက်ပိုင်းမှာ ပေါ့ဘာ တစ်ယောက် မန်ယူအသင်းမှာ ဆက်မနေချင်တော့ဘူး ဆိုတဲ့ သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့သလို မန်ယူအသင်းနဲ့ နီးစပ်သူတွေ ကလည်း မန်ယူအသင်းဟာ ပေါ့ဘာကို စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ပါက လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချတော့မှာ ဖြစ်ကြောင်း ဆိုလာကြပါတယ်။

Photo Credit: Metro

အဆိုပါ ဖြစ်ရပ်တွေ ဖြစ်ပွားနေတဲ့ အချိန်မှာပဲ ပေါ့ဘာရဲ့ ကစားဖော်ဟောင်း ဖြစ်သူ မာခီစီယို ကတော့ ပေါ့ဘာကို ဂျူဗင်တပ်အသင်းထံ ပြန်လာဖို့ လူမှုကွန်ယက် စာမျက်နှာ တစ်ခုဖြစ်တဲ့ တွစ်တာပေါ် ကနေ တိုက်တွန်း သွားခဲ့ပါတယ်။ တွစ်တာပေါ်မှာ ပေါ့ဘာတင်ခဲ့တဲ့ ပို့စ်ရဲ့ အောက်မှာ မာခီစီယိုက ဂျူဗင်တပ် အသင်းထံ ပြန်လာဖို့ ပေါ့ဘာအား တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။ မာခီစီယိုက “ ကျေးဇူးပြုပြီး ပေါ့ဘာရေ… ဂျူဗင်တပ်အသင်းဆီ ပြန်လာခဲ့ပါ။ မင်း နောက်တစ်ကြိမ် ပျော်ရွှင်ရလိမ့်မယ်။ ပြီးတော့ ငါလည်း ပျော်ရွှင်ရတာပေါ့” ဆိုပြီး ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။ ပေါ့ဘာဟာ ဂျူဗင်တပ်အသင်း မှာ ၂၀၁၂ခုနှစ် ကနေ ၂၀၁၆ ခုနှစ်အထိ လေးနှစ်ကြာအောင် ကစားခဲ့သူ ဖြစ်ပြီး စီးရီးအေဖလား ၄ကြိမ် ၊ ကိုပါအီတာလီယာ ဖလား ၂ကြိမ်နဲ့ အီတလီ စူပါဖလား ၂ကြိမ်တို့ကို ရရှိခဲ့ပါတယ်။