ယမန်နေ့မှာပဲ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာကြောင်း တရားဝင် ကြေညာခဲ့တဲ့ ဘရာဇီးလ် ဝါရင့် ဘယ်နောက်ခံလူ မာဆယ်လိုကတော့ သူဟာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာခဲ့ပြီးနောက် ကောလဟာလတွေ ထွက်ပေါ်နေသလို ကစားသမားဘဝ ကနေ အနားယူဦးမှာ မဟုတ်ပဲ ဥရောပ အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ချင်နေကြောင်း သူ့ရဲ့ နှုတ်ဆက်ပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ဘရာဇီးလ် ဝါရင့် ဘယ်နောက်ခံလူ မာဆယ်လိုက ၂၀၀၇ခုနှစ်ထဲက ဘရာဇီးလ်ကလပ် ဖလာမင်ဂိုကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၆.၅သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကစားသမား တဦး အဖြစ် ဆယ်စုနှစ် တစုကျော်ကြာ အသုံးတော်ခံခဲ့ပါတယ်။

Photo Credit: Marca

မာဆယ်လိုက ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ ၁၅နှစ်တာ ကာလအတွင်းမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၅၅၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၀၃ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလား ၂၅လုံး အထိ ရယူနိုင်ခဲ့ကာ ရီးရဲလ်မက်ဒရစ် သမိုင်းတလျှောက် ဆုဖလား အများဆုံး ရယူနိုင်ခဲ့တဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်က အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ မာဆယ်လို အတွက် ယမန်နေ့မှာပဲ နှုတ်ဆက်ပွဲ ပြုလုပ်ပေးခဲ့ပြီး အဆိုပါ နှုတ်ဆက်ပွဲမှာတော့ မာဆယ်လိုက သူ့ရဲ့ ဘောလုံးသမား ဘဝဟာ ပြီးဆုံးသွားခြင်း မရှိသေးပဲ သူက ဥရောပမှာ ဆက်လက် ကစားဖို့ ဆန္ဒရှိနေသေးကြောင်း ပရိသတ်တွေကို အသိပေးသွားပါတယ်။

Photo Credit: Marca

မာဆယ်လိုက – “ကျွန်တော်က ကစားသမားဘဝ ကနေ အနားယူဦးမှာ မဟုတ်ပါဘူး။ ကျွန်တော်က ထိပ်တန်းအဆင့် တခုမှာ ဆက်ကစားနိုင်သေးတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်အတွက် ရီးရဲလ်မက်ဒရစ်နဲ့ ပြိုင်ဘက်အဖြစ် ကစားဖို့ ဆိုတာကလည်း မခက်ခဲပါဘူး။ ကျွန်တော်က ရီးရဲလ်မက်ဒရစ်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ပေမယ့် အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ ကစားသမားပါ” လို့ ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာ ဥရောပ ထိပ်သီးအသင်းတွေ ၊ တရုတ်အသင်းတွေနဲ့ တောင်အမေရိက အင်အားကြီးအသင်း အများစုက မာဆယ်လိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် မာဆယ်လိုကတော့ ဥရောပမှာပဲ ဆက်လက် ကစားချင်နေသေးကြောင်း မာဆယ်လိုနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက အတည်ပြုထားကြပါတယ်။