MySport Myanmar

ရီးရဲလ်မက်ဒရစ်သမိုင်းမှာ ဆုဖလား အများဆုံး ရတဲ့ ကစားသမား ဖြစ်လာတဲ့ မာဆယ်လို

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ယမန်နေ့ညမှာပဲ ယခုနှစ် စပိန်လာလီဂါပြိုင်ပွဲရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့် ဘယ်နောက်ခံလူ မာဆယ်လိုဟာ အသင်းရဲ့ သမိုင်းတလျှောက် ဆုဖလား အများဆုံး ရရှိတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။

စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဟာ ယခုနှစ် ဘောလုံးရာသီ တလျှောက်လုံး အတည်ငြိမ်ဆုံး ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး သူတို့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ရီးရဲလ်မက်ဒရစ်က လာလီဂါ ပွဲစဉ်(၃၄) အပြီးမှာ ၂၅ပွဲနိုင် ၊ ၆ပွဲသရေ ၊ ၃ပွဲ ရှုံး ဆိုတဲ့ မှတ်တမ်းကောင်း တရပ်ကို ရရှိခဲ့သလို ရမှတ် ၈၁မှတ် အထိ စုဆောင်းနိုင်ခဲ့တာကြောင့် ဒုတိယနေရာမှာ ရှိနေတဲ့ ဘာစီလိုနာထက် ရမှတ် ၁၇မှတ် အသာနဲ့ အမှတ်ပေးချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

ရီးရဲလ်မက်ဒရစ်နဲ့အတူ စပိန်လာလီဂါ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် သက်တော်ရှည် ဝါရင့် ဘယ်နောက်ခံလူကြီး မာဆယ်လိုဟာ သူ့ရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝမှာ စုစုပေါင်း ဆုဖလား ၂၄လုံးအထိ ကိုင်မြှောက်နိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းမှာ ဆုဖလား အများဆုံး ရယူထားနိုင်တဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ဘရာဇီးလ် ဘယ်နောက်ခံလူ မာဆယ်လိုဟာ ၂၀၀၇ခုနှစ်ထဲက ဘရာဇီးလ်ကလပ် ဖလူမင်နိစ်ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၆.၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းနဲ့အတူ ၁၅နှစ်ကြာ ကစားခဲ့ရာမှာ ပြိုင်ပွဲစုံ ၅၄၅ပွဲ ပါဝင် ကစားပေးနိုင်ခဲ့ရာ ၃၈ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၀၃ကြိမ် အထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: Express

ရီးရဲလ်မက်ဒရစ်နဲ့ ၁၅နှစ်ကြာအောင် အတူ ရှိနေခဲ့တဲ့ မာဆယ်လိုဟာ သူ့ရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝမှာ ချန်ပီယံလိဂ် ဆုဖလား ၄ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၄ကြိမ် ၊ လာလီဂါ ၆ကြိမ် ၊ စပိန်ဘုရင့်ဖလား ၂ကြိမ် ၊ စပိန်စူပါဖလား ၅ကြိမ်နဲ့ ဥရောပ စူပါဖလား ၃ကြိမ်တို့ကို သိမ်းပိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Exit mobile version