MySport Myanmar

ရီးရဲလ်က မန်စီးတီးကို ၃-၁နဲ့ နိုင်မယ်လို့ ကြိုတင် ခန့်မှန်းထားခဲ့တဲ့ မာဆယ်လို

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့် ဘယ်နောက်ခံလူကြီး မာဆယ်လိုဟာ သူ့ရဲ့ အသင်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားမယ်လို့ ပွဲမစခင်ကတည်းက ခန့်မှန်းထားခဲ့ကြောင်း အံ့အားသင့်ဖွယ် သိရှိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပထမအကျော့ အဖြစ် အင်္ဂလန်မြေမှာ သွားရောက် ရင်ဆိုင် ကစားခဲ့စဉ်က မန်ချက်စတာ စီးတီးကို ၄-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားတာကြောင့် ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ဖို့ အတွက် အိမ်ကွင်း ဘာနေဗျူးမှာ ကစားရတဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးကို အနိမ့်ဆုံး ၂ဂိုးပြတ် အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။

 

Photo Credit: Marca

ဒါကြောင့်ပဲ ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် ကစားသမားတွေက ပွဲစပွဲဆုံး ရေကုန်ရေခမ်း ကြိုးစား ကစားသွားခဲ့သလို ကြိုးစားမှုရဲ့ ရလဒ်နဲ့ ထိုက်တန်တဲ့ ရလဒ်ကောင်း တခုအနေနဲ့ မန်ချက်စတာ စီးတီးကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ထိုက်ထိုက်တန်တန် တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ထူးခြားချက် တခုအနေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီဟာ မန်ချက်စတာ စီးတီးနဲ့ ဒုတိယအကျော့ မကစားမီမှာ သူတို့အသင်းက မန်ချက်စတာ စီးတီးကို ဘယ်နှဂိုးနဲ့ အနိုင်ရမလဲ ဆိုတာကို ကစားသမားတွေ အားလုံးအား ခန့်မှန်းခိုင်းခဲ့ပြီး အဆိုပါ ခန့်မှန်းပြိုင်ပွဲ၌ မာဆယ်လိုနဲ့ အရန် တိုက်စစ်မှူး မာရီယာနိုတို့က ရီးရဲလ်မက်ဒရစ်ဟာ မန်ချက်စတာ စီးတီးကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိမယ်လို့ ခန့်မှန်းနိုင်ခဲ့ကြပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမား အများစုဟာ သူတို့အသင်းက မန်ချက်စတာ စီးတီးကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ကြပြီး မာဆယ်လိုနဲ့ မာရီယာနိုတို့ကတော့ သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်ကာ လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ် ကစားသမားတွေက မာဆယ်လိုကို မှော်ဆရာလို့ နာမည်ပြောင်ပေးပြီး စနောက်နေကြကြောင်းလည်း သိရပါတယ်။

Exit mobile version