MySport Myanmar

ပရီးမီးယားလိဂ်မှာ ကစားသွားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုလိုက်တဲ့ မာ့ခ် ဂီယူ

ချယ်လ်ဆီးအသင်းရဲ့ ကစားသမားသစ်လေးဖြစ်တဲ့ ဆယ်ကျော်သက် စပိန် တိုက်စစ်မှူးလေး မာ့ခ် ဂီယူက သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားသွားဖို့အတွက် အဆင်သင့် ဖြစ်နေပြီမို့ ကလပ်အသင်း တစ်သင်းသင်းဆီ အငှားသွားကစားဖို့ထက် ချယ်လ်ဆီးမှာပဲ ဆက်ကစားသွားချင်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် (၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ တိုက်စစ်မှူး မာ့ခ် ဂီယူဟာ နာမည်ကျော် ဘာစီလိုနာ လူငယ်အကယ်ဒမီဖြစ်တဲ့ လာမာစီယာကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး သူ့ကို ချယ်လ်ဆီးက အခု နွေဈေးကွက်မှာပဲ စာချုပ်ဖျက်သိမ်းကြေး ယူရို (၆)သန်းတည်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit : We Ain’t Got No History

ချယ်လ်ဆီး တိုက်စစ်ပိုင်းမှာ အန်ကွန်ကူ ၊ နီကိုလပ်စ် ဂျက်ဆင် ၊ စတာလင်း ၊ မာဒူအက်ခေး ၊ မူဒရစ် ၊ ဘရိုဟာ ၊ အန်ဂျလို ၊ ဝါရှင်တန် ၊ ဂီယူတို့အပြင် လူကာကူနဲ့ ဖိုဖားနားတို့ ရှိနေကြပေမယ့် နွေဈေးကွက် မပိတ်သိမ်းခင်မှာပဲ ချယ်လ်ဆီးက လူကာကူ ဖိုဖားနား ဘရိုဟာတို့ကို အသင်းကနေ ရောင်းထုတ်ဖို့ ရှိနေသလို အန်ဂျလို ဝါရှင်တန်နဲ့ ဂီယူတို့ကိုလည်း အငှားချသွားဖို့ ရှိနေပြန်ပါတယ်။

ချယ်လ်ဆီးအနေနဲ့ ဒီကစားသမားတွေကို အသင်းကနေ ရှင်းထုတ်ပြီးသွားရင် အသင်းအတွက် တိုက်စစ်ပိုင်း ကစားသမားတစ်ဦးခန့်လောက် ပြန်လည် ခေါ်ယူသွားဖို့လည်း ရှိနေတာကြောင့် ဂီယူအနေနဲ့လည်း ဒီဈေးကွက်ထဲမှာပဲ နောက်ထပ် အသင်းတစ်သင်းဆီကို အငှားနဲ့ သွားရဖို့က အခြေအနေများနေရပါတယ်။

Photo Credit : SPORT

“ကျွန်တော် အငှားထွက်ကစားသွားရမလား ဆိုတာကို ကျွန်တော် အခုထိ သေချာ မသိရသေးပါဘူး။ ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးမှာ ကစားသွားဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ ထင်မိပါတယ်။ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာက ကျွန်တော့်အတွက် ခက်ခဲခဲ့တယ်ဆိုတာ အသေအချာပါပဲ။”

“ဒါပေမယ့် ကျွန်တော်က ပရီးမီးယားလိဂ်မှာ ပါဝင်ကစားရဖို့ အမြဲတမ်းလိုလို ဆန္ဒရှိခဲ့တာပါ။ ကျွန်တော် ဒီအသင်းမှာပဲ ဆက်ရှိချင်ပါတယ်။ အသင်းအတွက်ကိုပဲ အကောင်းဆုံး လုပ်ဆောင်ပေးသွားချင်ပါတယ်။” လို့ ဂီယူက ဖွင့်ဟလိုက်ပါတယ်။ ဂီယူဟာ ချယ်လ်ဆီးရဲ့ ရာသီကြို ခြေစမ်းပွဲတွေကို ဆက်တိုက် ပါဝင်နေရပြီး ကလပ်အမေရိကနဲ့ ပွဲစဉ်မှာပဲ အသင်းအတွက် ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Exit mobile version