ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့ ယူကရိန်း ဘယ်နောက်ခံလူ ဇင်ချန်ကို ကို အာဆင်နယ်အသင်းဆီ ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ ရောင်းချသွားဖို့ သဘောတူညီခဲ့ပြီးတဲ့နောက် ဘရိုက်တန်အသင်းရဲ့ စပိန်ဘယ်နောက်ခံကစားသမား ကူကူရယ်လာကို အရခေါ်ယူသွားဖို့ နီးစပ်လာခဲ့ပြီလို့ သိရပါတယ်။
Photo Credit : Daily Mail
မန်စီးတီးအသင်းဟာ နွေဈေးကွက်အတွင်းမှာ အာလင်းဟော်လန်း ယူလီယန်အဲဗာရက်ဇ် ကယ်လ်ဗင်ဖီးလစ်နဲ့ စတက်ဖန်အော်တီဂါတို့ကို ခေါ်ယူထားခဲ့ပြီးနောက် အသင်းကနေ ဂါဘရီရယ်ဂျေဇူးနဲ့ ရာဟင်စတာလင်တို့ကို ပြန်လည်ရောင်းချထားခဲ့ပြီး အခုလည်း ဇင်ချန်ကို ကိုပါ ရောင်းထုတ်တော့မှာ ဖြစ်ပါတယ်။ ဇင်ချန်ကို ကို ရောင်းထုတ်လိုက်မယ်ဆိုရင် မန်စီးတီးရဲ့ ဘယ်ခြမ်းမှာ ကန်ဆယ်လိုကို အသုံးပြုနိုင်ပေမယ့်လည်း ကန်ဆယ်လိုက ညာနောက်ခံလူသာ ဖြစ်နေတဲ့သလို ဘယ်နောက်ခံလူ ဘင်ဂျမင်မန်ဒီမှာလည်း အမှုရင်ဆိုင်နေရဆဲဖြစ်လို့ လာမာစီယာ အကယ်ဒမီထွက် ဘယ်ခြမ်းခံစစ်ကစားသမား ကူကူရယ်လာကို မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
အသက်(၂၃)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် ဘယ်နောက်ခံကစားသမား ကူကူရယ်လာဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဘာစီလိုနာ စီနီယာအသင်းမှာ နေရာမရလို့ အီဘာ ဂီတာဖေးအသင်းတို့ဆီ အငှားနဲ့ သွားရောက်ကစားရင်းနဲ့ ၂၀၂ဝခုနှစ်မှာပဲ ဂီတာဖေးအသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဂီတာဖေးအသင်းမှာ (၂)ရာသီကြာ ဖြတ်သန်းခဲ့တဲ့ ကူကူရယ်လာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘရိုက်တန်အသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး အခုဆိုရင် ကူကူရယ်လာက ဘရိုက်တန်ရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်နေခဲ့ရသလို သူ့ကိုလည်း မန်စီးတီး ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေက စိတ်ဝင်စားလာခဲ့ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးထက် left-back ကစားသမားတစ်ဦး မဖြစ်မနေ လိုအပ်နေတဲ့ မန်စီးတီးက ကူကူရယ်လာကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေတာဖြစ်ပြီး ကူကူရယ်လာက ဘရိုက်တန်အသင်းနဲ့ ၂၀၂၆ခုနှစ်အထိတောင် စာချုပ်သက်တမ်း ကျန်ရှိနေတာ ဆိုပေမယ့်လည်း မန်စီးတီးလို ထိပ်သီးအသင်းကြီးဆီ ပြောင်းရွှေ့ဖို့နဲ့ ဂွာဒီယိုလာလို နည်းပြကြီး လက်အောက်မှာ ပါဝင်ကစားရဖို့အတွက် မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်နိုင်ခြင်း မရှိပဲ ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိတဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုသွားဖို့အတွက်ပါ သဘောတူညီ ထားခဲ့ပါသေးတယ်။