ချယ်ဆီးအသင်း နယူးကာဆယ်အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းတိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် အနီကတ်ပြခံရတာဟာ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းက အိမ်ရှင်ပရိသတ်တွေရဲ့ လွှမ်းမိုးမှုကြောင့်ဖြစ်တယ်လို့ ချယ်လ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာက ယုံကြည်နေပါတယ်။

ဂျက်ဆင်ဟာ ပွဲချိန်(၃၅)မိနစ်မှာ နယူးကာဆယ် ခံစစ်မှူး ဆဗန် ဘော့တ်မန်းကို လက်မောင်းနဲ့ ရမ်းမိခဲ့လို့ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကွင်းလယ်ဒိုင်က အစပိုင်းမှာ အဝါကတ်သာ ပြခဲ့ပေမဲ့ VAR ပြန်ကြည့်ပြီးနောက် အနီကတ်အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ ဆန်ဒရို တိုနာလီရဲ့ ပွဲအစပိုင်းဂိုးနဲ့ ဦးဆောင်ခံနေရချိန်မှာ ဂျက်ဆင်ပါ အနီကတ်ပြခံရတာက အသင်းအတွက် ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။

Photo Credit : FotMob

ဒါပေမဲ့ မာရက်စ်ကာရဲ့ အသင်းဟာ ဒုတိယပိုင်းမှာ အခွင့်အရေးတွေ ရခဲ့ပြီး နစ်ခ် ပုပ်ပ်က မာ့ခ် ကူကူရယ်လာနဲ့ အန်ဇို ဖာနန်ဒက်စ်တို့ရဲ့ ကန်သွင်းချက်တွေကို ကာကွယ်မှုကောင်းတွေ ပြုလုပ်နိုင်ခဲ့သလို ရီးစ် ဂျိမ်းစ်ကလည်း ပွဲပြီးခါနီးမှာ အခွင့်အရေးတစ်ခုကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ ဂျိမ်းစ်ရဲ့ ဂိုးပေါက်လွဲချော်မှုက တန်ဖိုးကြီးတဲ့ ဆုံးရှုံးမှုဖြစ်ခဲ့ပြီး ဘရူနို ဂွီမာရေးစ်က သူ့ရဲ့အဝေးကန်သွင်းချက် ရောဘတ် ဆန်းချက်ဇ်ကို ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာကြောင့် (၂)ဂိုးပြတ်နဲ့ အနိုင်သွားခဲ့ပါတယ်။

ဂျက်ဆင် ထုတ်ပယ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မာရက်စ်ကာက “ဒီကွင်းထဲမှာ ဒီအသင်းနဲ့ဆို ၁၁ ယောက်ချင်းတောင် ကစားဖို့ ခက်ပါတယ်။ ၁၀ ယောက်နဲ့ တစ်နာရီကြာ ကစားရတာ မလွယ်ကူပါဘူး။ ဒုတိယပိုင်းမှာ အသင်းရဲ့ စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ပြောနိုင်တာ တစ်ခုတည်းကတော့ တခါတလေ အချို့ကွင်းတွေမှာ ဆုံးဖြတ်ချက်အချို့ကို ချမှတ်ဖို့ လွယ်ကူလွန်းတယ်ဆိုတာပါပဲ။ ဒိုင်က အနီကတ်လို့ ဆုံးဖြတ်ရင်တော့ အနီကတ်ပါပဲ။”

Photo Credit : Shields Gazette

“တခါတလေ ဒီကွင်းမှာဆိုရင် ဆုံးဖြတ်ချက်အချို့က အသံတွေ (ပရိသတ်ရဲ့ဆူညံသံတွေ) ကြောင့်ဖြစ်တယ်လို့ ခံစားရပါတယ်။ ထပ်ပြောပါမယ်။ ဒိုင်က အနီကတ်လို့ ဆုံးဖြတ်ရင်တော့ အနီကတ်ပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ချဲလ်ဆီးရဲ့ ပြိုင်ပွဲစုံ (၅)ပွဲဆက်တိုက် အနိုင်ရမှုက ရပ်တန့်သွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

ချယ်လ်ဆီးဟာ အဆင့် ၅ မှာ ဆက်ရှိနေဆဲဖြစ်ပေမဲ့ Opta စူပါကွန်ပျူတာကတော့ ချယ်လ်ဆီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ (၄၈.၇)% သာ ရှိတယ်လို့ ခန့်မှန်းထားပြီ နောက်ဆုံးပွဲအထိ သွားနိုင်တယ်လို့ မာရက်စ်ကာက ယုံကြည်နေပါတယ်။ “ကျွန်တော်တို့ ခြေစွမ်းကောင်းနေခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့် ကစားသမားတွေကို ကျွန်တော့် မက်ဆေ့ချ်က အမြဲတမ်း အတူတူပါပဲ။ ဒီပွဲပြီးပြီ၊ နောက်ပွဲအကြောင်းပဲ စဉ်းစားပါ။ အခုလည်း အတူတူပါပဲ ကျွန်တော်တို့ သောကြာနေ့ပွဲကို အာရုံစိုက်ရပါမယ်။ အဲဒါက နောက်ထပ်ပွဲပါပဲ။” ” လို့ မာရက်စ်ကာက ပြောပါတယ်။