ကြေလွင့်သွားခဲ့ရပြီဖြစ်တဲ့ ကမ္ဘာ့ဘောလုံး အကျော်အမော်ကြီးဖြစ်သူ ဒီယေဂိုမာရာဒိုနာဟာ သက်ရှိထင်ရှား ရှိနေစဉ် လွန်ခဲ့တဲ့ (၅)နှစ်ခန့်လောက်က ကီလီယန်အမ်ဘာပေကို ခေါ်ယူသွားဖို့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဖြစ်သူ ဖလော်ရန်တီနိုပီရက်ဇ်ကို အကြံပြု တိုက်တွန်းခဲ့ဖူးတယ်လို့ သိရှိရပါတယ်။

Photo Credit : The Athletic

ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဘာပေဟာ အသင်းရဲ့ အဓိက အရေးပါလှတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ရီးယဲလ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာလည်း အသင်းအတွက် အရေးပါလှတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူထားနိုင်ခဲ့ပါတယ်။ အခုလို အသင်းဘက်ကို သွင်းဂိုးသွင်းယူခဲ့တဲ့ ဘာပေကို ရီးယဲလ်အသင်းကနေ လာမယ့် နွေရာသီမှာ အရခေါ်ယူသွားဖို့ ပြင်ဆင်လျက် ရှိနေတယ်ဆိုပေမယ့် ဘာပေ အခုလို ကျော်ကြားမှုတွေ မရှိခင် ၂၀၁၇ခုနှစ်လောက်ကတည်းက ဘာပေကို အရခေါ်ယူသွားဖို့ ရီးယဲလ်အသင်းဥက္ကဌပီရက်ဇ်ကို မာရာဒိုနာကိုယ်တိုင် အကြံပေးခဲ့ပါသေးတယ်။

Photo Credit : Marca

မာရာဒိုနာက “အမ်ဘာပေက တခြား ကစားသမားတွေ အများကြီးထက် ပိုကောင်းလာမယ့်သူပါ။ ကျွန်တော် ဖလော်ရန်တီနိုကို ပြောပါတယ်။ အမ်ဘာပေကို ခေါ်ယူပါလို့။ ပြီးတော့ သူက အသင်းမှာ ရော်နယ်လ်ဒိုတို့ ဂါရတ်ဘေးလ်တို့လို ကစားသမားတွေ ရှိနေတယ်လို့ ပြန်ပြောတယ်။ သူတို့ ငါ့ပြောစကားကို နားထောင်ပြီး ဘေးလ်ကို အသင်းကနေ ရောင်းထုတ်ခဲ့သင့်တယ်။ ဒါပေမယ့် ဖလော်ရန်တီနိုက သူ့ကို စွန့်လွှတ်ဖို့ အလားအလာနည်းခဲ့တယ်” လို့ စပိန်သတင်းထောက် မားကိုရုဇ်နဲ့ တွေ့ဆုံခဲ့စဉ်မှာ ပြောဆိုသွားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဘာပေဟာ မိုနာကိုအသင်းမှာသာ ရှိနေသေးတာဖြစ်ပြီး အသင်းကို ပြင်သစ်လီဂူးမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနှစ်နောက်ပိုင်းမှပဲ ဘာပေကို ပီအက်စ်ဂျီအသင်းက တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အငှားသက်တမ်း ပြည့်ချိန်မှာပဲ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးနေပြီဖြစ်ပြီး အသင်းနဲ့ သက်တမ်းတိုးဖွယ် မရှိတော့တဲ့ ဘာပေကို ရီးယဲလ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖွယ် ရှိနေပါတယ်။