အာဂျင်တီးနားအသင်းနဲ့ နာပိုလီအသင်းတို့ရဲ့ ဂန္တဝင်ကစားသမားကြီး တစ်ဦးဖြစ်သူ မာရာဒိုနာ ဟာ သူ့ရဲ့ခြေစွမ်းတွေ ၊ ပါရမီတွေအရ ကမ္ဘာ့ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံရဲ့ သမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် ပရိသတ်အများစုရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့ မာရာဒိုနာကတော့ သူတို့နိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံကနေ ထွက်ပေါ်လာခဲ့တဲ့ ရိုနယ်ဒို(ဒိုကြီး)ဟာ ကမ္ဘာ့ ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံးတိုက်စစ်မှူး ဖြစ်တယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပြီး ဒဏ်ရာတွေဟာ ရိုနယ်ဒိုရဲ့ ဘဝကိုဖျက်ဆီးခဲ့တယ်လို့ လဲ ငြီးတွားသွားခဲ့ပါသေးတယ်။

Photo Credit: Marca.com

ရီးရဲလ်မက်ဒရစ်အသင်းမှာရော ဘာစီလိုနာ အသင်းမှာပါ ကစားခဲ့ဖူးသလို အင်တာမီလန် အသင်းနဲ့လည်း စီးရီးအေမှာ ထိတ်ထိတ်ကြဲ ဂိုးသွင်းစက်တစ်လုံး ဖြစ်ခဲ့တဲ့ ရိုနယ်ဒိုဟာ အသက် ၁၈နှစ် အရွယ်မှာကတည်းက ဘရာဇီးလ် အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ကစားခွင့် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ရိုနယ်ဒိုဟာ သူ့ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေ ၊ လျင်မြန်လှတဲ့ ပြေးနှုန်းတွေအပြင် ဘယ်ခြေ ၊ ညာခြေ ၊ ခေါင်းတိုက်စွမ်းရည် အားလုံးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိဖူးသူ တစ်ဦးပါ။ ဒါပေမယ့် ရိုနယ်ဒိုဟာ အသက်၃၀မပြည့်မီမှာပဲ ဘောလုံးလောကကနေ အနားယူခဲ့ရပြီး ပြင်းထန်တဲ့ ဒူးခေါင်းဒဏ်ရာက သူ့ရဲ့ ကစားသမားဘဝကို အပြီးသတ်သွားစေပါတယ်။

Photo Credit: Marca.com

ရိုနယ်ဒိုဟာ ဒဏ်ရာသာမရခဲ့ပါက ဘောလုံး သမိုင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာ လိမ့်မယ်ဆိုတဲ့အကြောင်းကို မာရာဒိုနာက အခုလိုပဲ ပြောပြသွားခဲ့ပါတယ်… ” ရိုနယ်ဒိုဟာ ဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံး တိုက်စစ်မှူး ပါ။ တကယ်လို့ ဒဏ်ရာတွေသာ မရှိခဲ့ရင် သူဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်လာမှာပါ။ ကျွန်တော်က အဲ့ဒါကို သံသယမရှိပါဘူး။ သူဟာ ကမ္ဘာကြီးကို ပီလီနဲ့ ကျွန်တော့်ရဲ့အကြောင်းကို မေ့သွားအောင် လုပ်ပြနိုင်တဲ့ ကစားသမားပါ ” လို့ ချီးကျူးပြောဆိုသွားခဲ့တာပါ။ ပရိသတ်ကြီးကရော ရိုနယ်ဒို ( ဒိုကြီး ) က ကမ္ဘာ့သမိုင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်လာမယ်လို့ ထင်ကြလားဗျ…။