မကြာသေးမီက အာဂျင်တီးနား နိုင်ငံအတွက် သာမက ကမ္ဘာ့ဘောလုံး လောက တစ်ခုလုံး အတွက်ပါ အကြီးမားဆုံး ဆုံးရှုံးမှု တစ်ခု ဖြစ်ခဲ့တာ ကတော့ ကမ္ဘာ့ဘောလုံး သမိုင်း တစ်လျှောက်မှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ မာရာဒိုနာရဲ့ သေဆုံးမှုပါပဲ။ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့ဖူးတဲ့ မာရာဒိုနာဟာ အာဂျင်တီးနား နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဘောလုံး သူရဲကောင်းတစ်ဦး ဖြစ်သလို ကမ္ဘာ့ဘောလုံး စင်မြင့်မှာလည်း သူဟာ ထာဝရ အကောင်းဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို တချို့ ဘောလုံးသုံးသပ်သူတွေ ၊ ပရိသတ်တွေရဲ့ ပေးအပ်ခြင်းကို ခံထားရပြီး ဘရာဇီးလ် ဂန္တဝင် ကစားသမား ပီလီနဲ့ တစ်တန်းတည်း သတ်မှတ် ခံထားရသူပါ။

Photo Credit: Goal

မာရာဒိုနာဟာ ကွယ်လွန်ချိန်မှာ အသက် ၆၀အရွယ် ရှိနေပြီ ဖြစ်ကာ ရုတ်တရတ် နှလုံးထဖောက်မှု ကနေ အသက်ကယ်ဖို့ အချိန်မမှီလိုက်ပဲ သေဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။ သူရဲ့ ဈာပန အခမ်းအနားကိုတော့ အာဂျင်တီးနား ပြည်သူတွေက တခမ်းတနား လိုက်လံ ပို့ဆောင်ခဲ့ကြပြီး ကမ္ဘာ့အနှံ့မှာ ကျင်းပနေတဲ့ ဘောလုံးပြိုင်ပွဲတွေ မှာလည်း မာရာဒိုနာ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေကို လုပ်ဆောင် ခဲ့ကြပါတယ်။ မာရာဒိုနာ ကွယ်လွန်ပြီး နောက်မှာတော့ သူနဲ့ သက်ဆိုင်တဲ့ အမှတ်တရ ပစ္စည်းတွေရဲ့ တန်ကြေးတွေဟာ ကြေးမြင့်သွားခဲ့ပြီး မာရာဒိုနာရဲ့ အကျော်ကြားဆုံး သွင်းဂိုးလို့ ဆိုရမယ့် Hand of God သွင်းဂိုးကို သွင်းယူစဉ်က ဝတ်ဆင်ခဲ့တဲ့ အင်္ကျီဟာလည်း အခုချိန်မှာ ရှားပါးပစ္စည်း စုဆောင်းသူတွေရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာကာ အဆိုပါ အင်္ကျီရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂သန်းအထိ တန်ကြေးရှိနေကြောင်း ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။

Photo Credit: Goal

မာရာဒိုနာဟာ သူ့ရဲ့ ကစားသမား ဘဝမှာ လူပြောအများဆုံး သွင်းဂိုးတစ်ဂိုး ဖြစ်တဲ့ Hand of God သွင်းဂိုးဟာ အာဂျင်တီးနား အသင်း ကမ္ဘာ့ဖလားကို ရရှိခဲ့တဲ့ ၁၉၈၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုး တစ်ဂိုးဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အာဂျင်တီးနား အသင်းရဲ့ ပြိုင်ဘက်ကတော့ နာမည်ကြီး အင်္ဂလန်အသင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Hand of God သွင်းဂိုးကို သွင်းယူခဲ့စဉ်က မာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့ အင်္ကျီကို ပိုင်ဆိုင်တဲ့သူဟာ အဆိုပါပွဲစဉ်မှာ သူနဲ့ ပြိုင်ဘက်အဖြစ် ကစားခဲ့ရတဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း စတိဗ်ဟော့ဒ် ဖြစ်ပြီး စတိဗ်ဟော့ဒ်ဟာ အဆိုပါ ပွဲစဉ် အပြီးမှာ မာရာဒိုနာနဲ့ အင်္ကျီချင်း လဲခဲ့ပါတယ်။ လက်ရှိမှာတော့ မာရာဒိုနာရဲ့ အဆိုပါ အင်္ကျီကို ဝယ်ယူချင်သူတွေ အများအပြား ရှိနေပြီး စတိဗ်ဟော့ဒ် ကတော့ သူဟာ မာရာဒိုနာရဲ့ အင်္ကျီကို ရောင်းချ သွားမှာ မဟုတ်ကြောင်း ဆိုထားပါတယ်။