ဘောလုံးလောက ရဲ့ ဂန္တဝင်တစ်ဦး လို့ ခေါ်ဆိုရမယ့် ဒီယေဂို မာရာဒိုနာ ဟာ ဗုဒ္ဓဟူးနေ့က အသက် ၆၀ အရွယ်မှာပဲ သူ့ရဲ့ နေအိမ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါတယ်။ ထောင်နဲ့ ချီတဲ့ ဘောလုံးပရိသတ်တွေဟာ မာရာဒိုနာ နေထိုင်ရာ ဘူးနို့စ်အဲရီးစ် မြို့မှာ စုဝေးခဲ့ကြပြီးတော့ မာရာဒိုနာ ရဲ့ နောက်ဆုံး ခရီးစဉ်ကို လိုက်လံ ပို့ဆောင်ခဲ့ကြကာ နှုတ်ဆက်ခဲ့ကြပါတယ်။ မာရာဒိုနာ ဟာ အောက်တိုဘာလ ၃၀ ရက်နေ့က ဦးနှောက်ထဲမှာ ရှိနေတဲ့ သွေးခဲကို ဖယ်ရှားတဲ့ ခွဲစိတ်မှု တစ်ခုလည်း ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ မာရာဒိုနာ ဟာ သူ့ရဲ့ ဘောလုံးသမား ဘဝ တစ်လျှောက် တောက်ပ တဲ့ ‌ခြေစွမ်းမျိုးပြသနိုင်ခဲ့ပြီးတဲ့နောက် အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးအပါအဝင် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

Photo Credit: Standard

မိခင်နိုင်ငံ အာဂျင်တီးနား အတွက်လည်း ၁၉၈၆ ခုနှစ်မှာ ကမ္ဘာ့ဖလားကို ရယူပေးနိုင်ခဲ့သလို နာပိုလီ အသင်းနဲ့လည်း စီးရီးအေ ဖလားကို နှစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ မာရာဒိုနာ မှာ မရေမတွက်နိုင်လောက်တဲ့ ပရိသတ်တွေ ရှိပြီးတော့ ထိုအထဲမှာ ယခုလက်ရှိ နာမည်ကြီး ဘောလုံးသမားတွေ၊ နည်းပြတွေတောင် ပါဝင်နေပါတယ်။ ဘူးနို့စ်အဲရီးစ် ရဲ့ လမ်းမ‌တွေ ထက်မှာ ထောင်နဲ့ ချီတဲ့ လူတွေ ပြည့်နှက်နေခဲ့ပြီးတော့ မာရာဒိုရာကို ကောင်းမွန်ရာ ရောက်အောင်ဆုတောင်းပေးခဲ့ကြပါတယ်။ မာရာဒိုနာ ရဲ့ ရုပ်အလောင်းကိုတော့ ဘူးနို့စ်အဲရီးစ် မြို့အစွန်မှာ ရှိတဲ့ ဘဲလ်လာဗစ်စ်တာ သင်္ချိုင်း ကို သယ်ဆောင်သွားခဲ့ကာ ရင်းနှီးတဲ့ မိတ်ဆွေတွေ နဲ့ မိသားစုဝင် တွေလောက်ပဲ အသုဘ အခမ်းအနားကို တက်ရောက်ခွင့် ပြုခဲ့ပါတယ်။

Photo Credit: Standard

ဘဲလ်လာဗစ်စ်တာ သင်္ချိုင်း ဟာ မာရာဒိုနာ ရဲ့ မိဘ နှစ်ပါး လဲလျောင်းရာ သင်္ချိုင်းလည်း ဖြစ်ကာ မာရာဒိုနာ ကို သူတို့ နှစ်ဦးနဲ့ အတူ သင်္ဂြိုဟ် ပြီးတော့ မြှုပ်နှံ ထသလား ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ မာရာဒိုနာ ကွယ်လွန်ပြီးနောက်မှာတော့ အာဂျင်တီးနား သမ္မတ က တစ်နိုင်ငံလုံး အနေနဲ့ ဝမ်းနည်းကြေကွဲကြောင်း နေ့အဖြစ် သတ်မှတ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ မာရာဒိုနာ ရဲ့ အသုဘ အခမ်းအနားမှာ စိတ်မကောင်းစရာ အဖြစ်အပျက် တစ်ခုလည်း ဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ အသုဘ အလုပ်သမား တစ်ဦးဟာ ခေါင်းတလားထဲမှာ ထည့်ထားတဲ့ မာရာဒိုနာ ရဲ့ ရုပ်အလောင်းနဲ့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ အဲ့ဒီလို ရိုက်ကူးရာမှာ လက်မကို ထောင်ထားခဲ့တာကြောင့် ထိုသူကို အသုဘအခမ်းအနား အပြီးမှာ အလုပ်ဖြုတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်ကြီးကတော့ အားကစား လောက အတွက် စိတ်မကောင်းစရာတွေနဲ့ ကြုံခဲ့ရတဲ့ နှစ်တစ်နှစ် လို့တောင် ဆိုရပါမယ်။