မနေ့ညကအထိတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)ရဲ့ ပွဲပေါင်း(၈)ပွဲအထိကို ယှဉ်ပြိုင်ကစားပြီးခဲ့ပြီဖြစ်ပြီး တန်းဆင်းဇုန်တိုက်ပွဲနဲ့ ဥရောပဝင်ခွင့်နေရာအတွက် တိုက်ပွဲတွေက အတော်လေးကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့ရပါတယ်။ ဒီနေ့ညမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်နေရတဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က ဖိအားကင်းနေပြီဖြစ်တဲ့ ပြိုင်ဘက်အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဘယ်အသင်းတွေ ရလဒ်ကောင်းသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

မန်ချက်စတာယူနိုက်တက် နဲ့ ဝက်စ်ဟမ်း (ည၁၁နာရီခွဲ)

Photo Credit : Old Trafford Faithful

ဝက်စ်ဟမ်းက တန်းဆင်းရမယ့် အန္တရာယ်လွတ်ကင်းသွားလို့ ရုန်းအားတွေ ရှိတော့မှာမဟုတ်ပေမယ့် ဖိအားလည်းမရှိတော့မို့ စိတ်အေးလက်အေးနဲ့ ကစားနိုင်သလို ယူနိုက်တက်ကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ ယူနိုက်တက်ကတော့ ဒီပွဲကို အနိုင်ရထားလိုက်မှပဲ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်က အနည်းငယ်စိတ်အေးရနိုင်မယ့် အနေအထားဖြစ်လို့ သေချာအာရုံစိုက် ကစားလာမှာပါ။ အန်တိုနီယိုဦးဆောင်တဲ့ တိုက်စစ်က နောက်ပိုင်းပွဲတွေမှာ ကျစ်လစ်မှုသိပ်မရှိလှတဲ့ ယူနိုက်တက်ခံစစ်အတွက် အခက်တွေ့နိုင်သလို ဝက်စ်ဟမ်းခံစစ်ကလည်း လေးပင်ပြီး တည်မှုလည်း သိပ်မရှိလှလို့ ယူနိုက်တက်ဂိုးရဖို့ သိပ်မခက်နိုင်ပါဘူး။ အပြန်အလှန်ဂိုးတွေတော့ မြင်ရနိုင်ပြီး ယူနိုက်တက်ပဲ နိုင်ပါလိမ့်မယ်။

လီဗာပူးလ် နဲ့ ချယ်လ်ဆီး (မနက်၁နာရီ၄၅မိနစ်)

Photo Credit : Youtube

ဒီပွဲက ချယ်လ်ဆီးအတွက် သေရေရှင်ရေးမက အရေးပါလှတဲ့ပွဲပါ။ လီဗာပူးလ်ကတော့ ဒီပွဲရလဒ် ဘယ်လိုပဲထွက်ထွက် ဒီပွဲပြီးရင် ပရီးမီးယားလိဂ်ဆုဖလားကြီးကို ကိုင်မြှောက်ရမှာဖြစ်လို့ ဒီပွဲကို ဘယ်လိုလူစာရင်း ဘယ်လိုစိတ်နေစိတ်ထား ဘယ်လိုအားထုတ်မှုတွေနဲ့ ယှဉ်ပြိုင်ကစားသွားမလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။ လမ်းပတ်ရဲ့ချယ်လ်ဆီးကတော့ ဒီရာသီမှာ လီဗာပူးလ်နဲ့ မကြာခဏ ဆုံတွေ့ထားခဲ့ရပြီး ရလဒ်ပိုင်းအရ အရေးနိမ့်ခဲ့ရင်တောင် ခြေစွမ်းပိုင်းမှာ အရမ်းအပြတ်အသတ်မကွာအောင် ကစားထားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကလည်း နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ သိပ်မကောင်းထားသလို အာရုံစိုက်မှုတွေလည်း လျော့ကျနေပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးထက် နားရက်ပိုရထားသလို ပွဲအပြီးမှာပဲ ချန်ပီယံဆုကို ကိုင်မြှောက်ရတော့မယ့် လီဗာပူးလ်အသင်းသားတွေရဲ့ စိတ်ဓါတ်တွေက ပိုမိုမြင့်တတ်နေမှာဖြစ်ကာ ဖိအားတွေနဲ့ ကစားရမယ့် ချယ်လ်ဆီးကို ကပ်အနိုင်ယူသွားဖွယ် ရှိနေပါတယ်။