ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေ အဆုံးသတ်သွားတဲ့နောက်မှာတော့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်တွေက ဆက်လက်စောင့်ကြိုနေသေးတာကြောင့် ဘောလုံးဝါသနာအိုးတွေအတွက် အိပ်ရေးပျက်ရမယ့်ညတွေကတော့ ဆက်နေဦးမှာပါ။ ဒီညမှာတော့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေထဲကမှ ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ မန်ယူအသင်းနဲ့ ယူရိုပါလိဂ်ဘုရင် ဆီဗီလာတို့ ရင်ဆိုင်ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး ဒီပွဲအကြောင်းကို အသေးစိတ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

ယူရိုပါလိဂ်ပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်ထားနိုင်ခဲ့တဲ့ ဆီဗီလာအသင်းဟာ ဒီနှစိပြိုင်ပွဲမှာလည်း တကယ့်ကို ပြိုင်ဘက်ကောင်းတွေဖြစ်တဲ့ ရိုးမားနဲ့ ဝုလ်ဗ်တို့ကို ကျော်ဖြတ်လာခဲ့ပြီး အခုလည်း ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ယူနိုက်တက်အသင်းနဲ့ လာဆုံနေပြန်ပါတယ်။ ဆီဗီလာက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၅)ပွဲမှာ လုံးဝရှံးပွဲမရှိထားခဲ့တဲ့အပြင်ကို လက်ရှိအသင်းမှာကလည်း ဒဏ်ရာပွဲပယ်က ကင်းစင်လို့နေပါတယ်။ အားသာချက်တစ်ခုက ယူနိုက်တက်ထက် ဂျာမန်မြေမှာ တစ်ပွဲပိုကစားထားရတာဖြစ်ပြီး အနိုင်ယူကျော်ဖြတ်လာခဲ့တဲ့ (၂)ပွဲလုံးမှာလည်း မိနစ်(၉၀)အတွင်းမှာပဲ အနိုင်ကစားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ ဆီဗီလာထက်စာရင် ကစားသမားအင်အားပိုင်း ပိုမိုတောင့်တင်းပေမယ့် ကိုပင်ဟေဂင်နဲ့ပွဲတုန်းကတော့ အသင်းက လိုအပ်ချက်တွေ ရှိနေခဲ့ပြီး နိုင်ပွဲရဖို့လည်း ရုန်းကန်ထားခဲ့ရပါတယ်။ ယူနိုက်တက်က နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၅)ပွဲအတွင်း (၄)ပွဲနိုင်ထားပြီး (၁)ပွဲပဲ ရှံးနိမ့်ထားခဲ့သလို အသင်းမှာလည်း အဓိက ကစားသမား လုခ်ရှောတစ်ယောက်လောက်သာ ဒဏ်ရာရနေပါတယ်။ ဒီပွဲမှာတော့ ကွင်းလယ်(၃)ယောက်တန်းကို မာတစ် ပေါ့ဘာ ဖာနန်ဒက်စ်အတွဲအဖက်ပဲ ပြန်သုံးလာနိုင်ပြီး ဂိုးသမားကိုလည်း ဒီဂီယာပြန်သုံးလာနိုင်ပါတယ်။ ပွဲကို အလှည့်အပြောင်းလုပ်ပေးနိုင်တဲ့ ကစားသမားတွေ ပါဝင်နေပေမယ့်လည်း ခံစစ်ပိုင်းကတော့ အထူးသတိထားကစားဖို့ လိုအပ်ပါတယ်။

အသင်းနှစ်သင်းလုံးက ယူရိုပါလိဂ်မှာ ဗိုလ်စွဲထားခဲ့ဖူးတဲ့ အသင်းတွေဖြစ်ပြီးတော့ ဥရောပမှာလည်း ဆုံတွေ့ထားဖူးတဲ့ အသင်းတွေဖြစ်နေကြတော့ ဒီပွဲရဲ့အရှိန်က ပိုပြီးမြင့်တတ်လာနိုင်သလို အတော်လေးလည်း အကြိတ်အနယ် ရှိလာနိုင်ပါတယ်။ နောက်ဆုံးတွေ့ဆုံထားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်မှာတော့ ဆီဗီလာက ယူနိုက်တက်ကို ကျော်ဖြတ်သွားခဲ့ပေမယ့် အခုက ကြားကွင်းမှာ ကစားရမှာဖြစ်လို့ နှစ်သင်းလုံးအတွက် အခွင့်အရေးဆတူရနိုင်သလို ဘယ်အသင်းဖိုင်နယ်ရောက်သွားမလဲဆိုတာကလည်း မှန်းရခက်ပါတယ်။ ယူနိုက်တက်အနေနဲ့ကတော့ ကိုပင်ဟေဂင်နဲ့တုန်းကလို စွမ်းဆောင်ရည်ထက် ပိုကောင်းအောင် ကစားပြနိုင်မယ်ဆို ဖိုင်နယ်တတ်ရေးကို ပိုမျှော်လင့်နိုင်ပါလိမ့်မယ်။ မိနစ်(၉၀)အတွင်း သရေကျနိုင်သလို ရှိနေပြီးတော့ ဒီရာသီမှာ တတိယမြောက် ဆီမီးဖိုင်နယ်ကို ရောက်ရှိထားရတဲ့ ယူနိုက်တက်အသင်းကပဲ ဖိုင်နယ်တတ်ခွင့်ရသွားမယ်လို့ ထင်မိပါတယ်။