မန်ယူအသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်ကတော့ မန်ယူအသင်းအနေနဲ့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လက်ရှိ ကစားသမားတွေနဲ့ ဆိုရင် အဆင့် (၄) နေရာ ဝင်နိုင်တယ်လို့ ပြောခဲ့တာကြောင့် နောက်နှစ်ရာသီမှာ ချန်ပီယံလိဂ် ဝင်နိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လက်ရှိရာသီ ပြိုင်ပွဲကို မရပ်နားခင် ပြိုင်ပွဲစုံ ပွဲစဉ် (၁၁) ပွဲ ကစားခဲ့ရာမှာ (၈) ပွဲ အနိုင်ရခဲ့ပြီး အက်ဖ်အေဖလား ပြိုင်ပွဲ နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း နောက်တစ်ဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပြီးကြပြီ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းကတော့ အဆင့် (၄) နေရာက နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၃) မှတ်သာ ကွာဟနေတာကြောင့် လက်ရှိပုံစံကောင်း နဲ့ ခြေစွမ်းကောင်းကို ဆက်လက် ထိန်းသိမ်းမယ် ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာ ဝင်နိုင်ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ တိုက်စစ်မှူး အီဟာလို နဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်တို့ကို ခေါ်ယူပြီးနောက် အသင်းရဲ့ ရလဒ်က သိသာစွာ တိုးတတ်လာခဲ့ပြီး ဖာဒီနန်ကတော့ မန်ယူအသင်းအနေနဲ့ အဆင့် (၄) နေရာ ဝင်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

မန်ယူ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်က “မန်ယူအသင်းအနေနဲ့ ထိပ်သီး အဆင့် (၄) နေရာ ဝင်သင့်တယ်လို့ ကျွန်တော် ယုံကြည်တယ်။ လက်ရှိ မန်ယူ ကစားသမားတွေနဲ့ ဆိုရင် အဆင့် (၄) နေရာ ဝင်သင့်ပါတယ်။ ပေါ့ဘာက ပြန်ကြံခိုင်လာပြီ။ ရက်ချ်ဖို့ဒ်လည်းပဲ ကြံခိုင်ပြီ။ ပေါ့ဘာက လေ့ကျင့်ရေးကွင်းမှာ တကယ် ကောင်းတယ်လို့ ပြောသံတွေလည်း ကြားရတယ်။ ပေါ့ဘာ နဲ့ ဖာနန်ဒက်စ်က တွန်မီနေးနဲ့ တွဲဖက်ပြီး ကွင်းလယ်မှာ အားကောင်းလာနိုင်ပါတယ်။ လက်ရှိရာသီ ရပ်နားတဲ့ အချိန်မှာ မန်ယူအသင်းက ပုံစံကောင်းမှာ ရှိနေတယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ နောက်ပြီး ချဲလ်ဆီးအသင်းကို အနိုင်ရပြီး သိပ် မကြာခင်မှာ မန်စီးတီးအသင်းကိုပါ အနိုင်ရခဲ့ပါတယ်။ သူတို့ (၁၀) ပွဲနီးပါး မရှုံးခဲ့ကြပါဘူး”လို့ အခိုင်အမာ သတိပေးသွားခဲ့ပါတယ်။