MySport Myanmar

ဘိုင်ယန်အတွက် ပြန်လည် ကစားပေးဖို့ မလွယ်ကူနိုင်တော့တဲ့ ဂိုးသမား နူအာ

ဂျာမနီနိုင်ငံ အခြေစိုက် သတင်းစာများရဲ့ ဖော်ပြချက်များအရ ဘိုင်ယန်မြူးနစ်ဂိုးသမား မာနူအယ်နူအာရဲ့ ဘိုင်ယန်ကစားသမားဘဝက အဆုံးသတ်သွားရဖွယ် ရှိနေကြောင်း သိရှိရပါတယ်။

Photo Credit : Daily Mail

ဘိုင်ယန်ရဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်သူ ဂိုးသမားကြီး နူအာဟာ အသင်းမှာ ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂိုးနည်းပြတိုနီကို ထုတ်ပယ်ခဲ့တဲ့ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း အင်တာဗျူးတစ်ခုမှာ ထည့်သွင်း ပြောဆိုထားခဲ့တာကြောင့် ဒီလို ပြောဆိုမှုတွေအပြီးမှာပဲ အသင်းအတွက် ဆက်လက် ကစားခွင့် မရနိုင်တော့ဖို့က (၆၅)%လောက်အထိကို ရှိနေတယ်လို့ ဂျာမန်နာမည်ကြီး သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

နူအာက “ကျွန်တော့်အတွက်တော့ ဒါဟာ ထိုးနှက်ချက်တစ်ခုပါပဲ။ ကျွန်တော်က ကျွန်တော့်ဒဏ်ရာကြောင့် စိတ်ဓါတ်ကျနေတဲ့အချိန် ကျွန်တော့်နှလုံးသားတွေ ကွဲကြေသွားသလို ခံစားမိရတယ်။ ဒါဟာ ကျွန်တော်ရဲ့ ဘောလုံးသမားဘဝအတွင်း ကြုံတွေ့ခဲ့ရသမျှထဲကမှ အရက်စက်ဆုံး ကိစ္စတစ်ခုပါပဲ။ အသင်းက ဂိုးသမားတိုင်းလည်း ဒီကိစ္စအတွက် ခံစားနေရပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ကျွန်တော် နားလည်နိုင်မယ့် အကြောင်းပြချက်မျိုးလည်း ရှိမနေပါဘူး။ ပြောကြားခဲ့တာတွေကိုလည်း ကျွန်တော် လက်မခံနိုင်ဘူး” လို့ နူအာက ထွက်ဆိုထားခဲ့တာကြောင့် သူရဲ့ ပြောဆိုချက်တွေကို ဘိုင်ယန်အသင်းရဲ့ တာဝန်ရှိသူတွေက သဘောမကျပဲ ဘိုင်ယန်ရဲ့အမှုဆောင်ချုပ် အိုလီဗာခမ်းက နူအာကို သတိပေးစကားဆိုထားသလို ဘ်ိုင်ယန်နည်းပြ နာဂယ်စမန်းကလည်း နူအာရဲ့ အခုလို ပြောဆိုမှုတွေက အသင်းကို ဘာအထောက်အကူမှ မပြုဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဒီလို အခြေအနေမှာ နူအာအနေနဲ့ လက်ရှိ ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန် အသင်းအတွက် ပြန်လည် ကစားခွင့်ရဖို့က ဖြစ်နိုင်ခြေ နည်းပါးသွားခဲ့ရနိုင်ပြီး အသင်းကလည်း ပြီးခဲ့တဲ့ ဆောင်းဈေးကွက်အတွင်းမှာ မိုချန်ဂလာဘတ်ကနေ ဆွစ်ဇာလန် နံပါတ်တစ်ဂိုးသမား ယန်ဆွန်းမားကို ခေါ်ယူထားနိုင်တာကြောင့် နူအာအနေနဲ့ အသင်းခေါင်းဆောင် လက်ပတ်ကိုရော သူရဲ့ ပွဲထွက်ခွင့်တွေပါ ဆုံးရှုံးလာရဖွယ် ရှိနေရပါတယ်။

Exit mobile version