လက်ရှိ ကျင်းပလျက်ရှိနေတဲ့ ယူရို-၂၀၂၀ပြိုင်ပွဲအတွင်း ခြေစွမ်းပြသလို့ထားနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ အီတလီ ကွင်းလယ်ကြယ်ပွင့် ကစားသမား မန်နူရယ်လိုကာတယ်လီဟာ ယူရိုပြိုင်ပွဲအပြီးမှာပဲ သူရဲ့လက်ရှိကလပ် ဆာအူအိုလိုအသင်းကနေ ထွက်ခွာသွားဖို့ အဆင့်သင့်ဖြစ်နေတာကြောင့် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေအနေနဲ့ နွေစျေးကွက်အတွင်း အရခေါ်ယူဖို့အတွက် အပြိုင်ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၃)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား လိုကာတယ်လီဟာ ဒေါ့မွန် မန်စီးတီးအသင်းတွေရဲ့ ပစ်မှတ်ဟောင်း ကစားသမားတစ်ယောက်ဖြစ်သလို လက်ရှိမှာလည်း ဂျုဗင်တပ်စ် အာဆင်နယ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်လို့နေပါတယ်။ အာဆင်နယ်အသင်းက ရိုးမားအသင်းဆီကို လက်လွတ်သွားရဖွယ် ရှိလို့နေတဲ့ ဆွစ်ဇာလန်ကွင်းလယ်လူ ဂရန်းနစ်ချာကာရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် လိုကာတယ်လီကို အလိုရှိနေတာဖြစ်ပေမယ့် အီတလီအခြေစိုက် Tuttosport ရဲ့ ဖော်ပြချက်တွေအရ လိုကာတယ်လီက အာဆင်နယ်ထက် ဂျုဗင်တပ်စ်အသင်းကိုသာ ပြောင်းရွေ့ချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

Tuttosport ရဲ့ ဖော်ပြချက်မှာ လိုကာတယ်လီက ပရီးမီးယားလိဂ်ကို ပြောင်းရွေ့ကစားဖို့ထက် သူရဲ့အမိမြေက စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းဆီကိုသာ ပြောင်းရွေ့ချင်နေတာဖြစ်လို့ ဒါဟာ ဂျုဗင်တပ်စ်အသင်းအတွက် သတင်းကောင်း ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်အသင်းက ဘဏ္ဍာရေး မပြေလည်မှုတွေ ရှိနေတာကြောင့် လိုကာတယ်လီကို ခေါ်ယူဖို့အတွက် ပြောင်းရွေ့ကြေးသီးသန့်ကိုသာ အသုံးပြုနိုင်မှာမဟုတ်ပဲ ပြောင်းရွေ့ကြေးတချို့နဲ့ ကစားသမား အလိုက်ပေးကမ်းလှမ်းမှုနဲ့သာ ကမ်းလှမ်းလာရနိုင်ပါတယ်။ လိုကာတယ်လီကို ခေါ်ယူနိုင်ဖွယ် မရှိတော့တဲ့ အာဆင်နယ်အသင်းကတော့ သူတို့ရဲ့ပစ်မှတ်ဖြစ်တဲ့ အန်ဒါလက်ချ်အသင်းရဲ့ ဘယ်ဂျီယံကွင်းလယ်ကစားသမား လိုကွန်ဂါကိုသာ အရခေါ်ယူဖွယ် ရှိနေသလို တန်ကြေးအနည်းငယ် ကျဆင်းသွားခဲ့တဲ့ လိုင်ယွန်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ အာဝါကိုလည်း ကမ်းလှမ်းမှုတွေ ထပ်မံလုပ်ဆောင်ဖွယ် ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ လတ်တလောမှာတော့ ဘရိုက်တန်နောက်ခံလူ ဘင်ဝှိုက်ကို အရခေါ်ယူနိုင်ဖို့ အဓိကထား ကြိုးပမ်းလျက် ရှိနေပါတယ်။