ပူပူနွေးနွေး အာဖရိကဖလား ချန်ပီယံ ဆီနီဂေါရဲ့ အသင်းခေါင်းဆောင် ဖြစ်သလို ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိ ဆွတ်ခူးခဲ့တဲ့ ဆာဒီယို မာနေးဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လီဗာပူး ကနေ ထွက်ခွာပြီး စပိန်လာလီဂါ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာန အများစုရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

အသက် ၂၉နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး ဆာဒီယို မာနေးဟာ တောင်ပံတိုက်စစ် ကစားသမား အဖြစ် သာမက တိုက်စစ်မှူး တဦး အဖြစ်ပါ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူ့ရဲ့ လျင်မြန်မှု ၊ ထူးချွန်တဲ့ အလိမ်အခေါက် စွမ်းရည်တွေကြောင့်ပဲ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး အဖြစ် လူအများရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။

Photo Credit: Express

မာနေးဟာ ဆောက်သမ်တန် ကနေ လီဗာပူးထံ ပြောင်းရွှေ့လာပြီးနောက် ဖာမီနို ၊ ဆာလာတို့နဲ့ တွဲဖက်ကာ အထူး ခြေစွမ်းပြ ကစားနေသူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

မာနေးဟာ လီဗာပူးရဲ့ အဓိက တိုက်စစ်ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့သလို အသင်းဘက်ကလည်း သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေ မပြုလုပ်သေးတာကြောင့် အသင်းကနေ ထွက်ခွာဖို့ စတင် စဉ်းစားနေပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆာဒီယို မာနေးဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ လီဗာပူးကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး လီဗာပူးကလည်း သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ် ရပါက မာနေးကို ရောင်းထုတ်ကာ ဝက်စ်ဟမ်း တိုက်စစ်မှူး ဘိုဝင်ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ စပိန်လာလီဂါ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က မာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မာနေးကလည်း အခြားလိဂ်တွေထက် လာလီဂါပြိုင်ပွဲဆီသာ သွားရောက် ကစားချင်နေကြောင်းလည်း Goalက ဆိုပါတယ်။