MySport Myanmar

လာမယ့်နွေဈေးကွက်မှာ လီဗာပူးဆီ ပြန်လည် ပြောင်းရွှေ့ချင်နေတဲ့ ဆာဒီယို မာနေး

ယခုနှစ် ဘောလုံးရာသီ အစကမှ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးကနေ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ဆီနီဂေါ တိုက်စစ်မှူး ဆာဒီယို မာနေးက ဘိုင်ယန်မြူးနစ်မှာ မပျော်ရွှင်တာကြောင့် လာမယ့် နွေဈေးကွက်မှာပဲ အသင်းဟောင်း လီဗာပူးဆီ ပြန်လည် ပြောင်းရွှေ့ချင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဆီနီဂေါ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာဒီယို မာနေးက ဆောက်သမ်တန် ကနေ လီဗာပူးဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် လီဗာပူးနဲ့အတူ ဆုဖလားပေါင်း များစွာ ရယူနိုင်ခဲ့သလို သူဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၃၂သန်း ပေးချေကာ မာနေးကို လီဗာပူး ကနေ ခေါ်ယူခဲ့တာ ဖြစ်ပြီး မာနေးဟာ ဘိုင်ယန်မြူးနစ်နဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

မာနေးက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ဆာနေး ၊ ဂနာဘရီတို့နဲ့ တွဲဖက်ကာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ဦးဆောင်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာ မာနေးဟာ ခြေစွမ်းကောင်းတွေ မပြနိုင်ခဲ့သလို ပုံမှန် ပွဲထွက်ခွင့် ရဖို့တောင် ရုန်းကန်နေရပါတယ်။

Photo Credit: Mirror

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ဆာဒီယို မာနေးက အသင်းဖော် လီရွိုင်း ဆာနေးနဲ့ စကားများခဲ့ပြီး ပုံမှန် ပွဲထွက်ခွင့် မရမှု ၊ အသင်းဖော်တွေနဲ့ ဆက်ဆံရေး အဆင်မပြေမှုနဲ့ ဂျာမန်မြေမှာ မပျော်မှုတို့ကြောင့် မာနေးဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာဖို့ စဉ်းစားနေကာ ဘိုင်ယန်မြူးနစ်ကလည်း အသင်းရဲ့ ကစားကွက်နဲ့ အံမဝင်တဲ့ မာနေးကို ပြန်လည် ရောင်းချချင်နေပါတယ်။

နာမည်ကြီး သတင်းဌာနတွေ ဖြစ်ကြတဲ့ Football Insiderနဲ့ Liverpool Echoတို့ရဲ့ ဖော်ပြချက်တွေအရ မာနေးက သူနဲ့ အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်းတွေအား သူဟာ လီဗာပူးမြို့နဲ့ ပရိသတ်တွေကို လွမ်းသလို လီဗာပူးဆီ ပြန်လည် ပြောင်းရွှေ့ချင်နေတဲ့ အကြောင်းကို ပြောပြခဲ့ပြီး မာနေးရဲ့ ကိုယ်စားလှယ်တွေကလည်း လီဗာပူးရဲ့ တာဝန်ရှိသူတွေထံ ဆက်သွယ်မှု တချို့ လုပ်ဆောင်ထားကြောင်း သိရပါတယ်။

Exit mobile version