ညို့သကျည်းဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ရတဲ့ ဆီနီဂေါ လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာဒီယို မာနေးကတော့ သူ မပါနိုင်တဲ့ အချိန်မှာ နိုင်ငံနဲ့ လူမျိုးအတွက် အကောင်းဆုံး ကြိုးစား ကစားကြဖို့ ၂၀၂၂ ကမ္ဘာ့ဖလားအား ဝင်ရောက် ယှဉ်ပြိုင်မယ့် ဆီနီဂေါအသင်းကို တိုက်တွန်းသွားခဲ့ပါတယ်။

မာနေးရဲ့ ဆီနီဂေါက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီကွေဒေါ ၊ ကာတာ ၊ နယ်သာလန် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး ယနေ့ညမှာတော့ ဆီနီဂေါက ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲ အဖြစ် နယ်သာလန်နဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

နယ်သာလန်က ဆီနီဂေါရဲ့ အုပ်စု ပထမလုဘက် ဖြစ်နေတာကြောင့် ဆီနီဂေါက နယ်သာလန်နဲ့ ပွဲစဉ်မှာသာ အနိုင်ရခဲ့ရင် အုပ်စု ပထမနေရာနဲ့ နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ အခွင့်အလမ်း များသွားမှာ ဖြစ်ပြီး ရှုံးနိမ့်ခဲ့ရင်တော့ လက်ကျန် ၂ပွဲမှာ ကာတာနဲ့ အီကွေဒေါတို့ကို မဖြစ်မနေ အနိုင်ယူရတော့မှာပါ။

ဒါကြောင့်ပဲ မာနေး အပါအဝင် ဆီနီဂေါရဲ့ ဂန္တဝင် ကစားသမားကြီးတွေက သူတို့ရဲ့ နိုင်ငံအသင်းကို နယ်သာလန်နဲ့ပွဲမှာ အနိုင်ရအောင် ကစားကြဖို့ တိုက်တွန်း နေကြပြီး မာနေးကတော့ တနိုင်ငံလုံးဟာ သူတို့အသင်းကို အားပေးနေမှာ ဖြစ်တာကြောင့် နိုင်ငံအတွက် အကောင်းဆုံး ပေးဆပ် ကြိုးစား ကစားကြဖို့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဆီနီဂေါအသင်းကို အားပေးစကား ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

မာနေးက – “ဆီနီဂေါ နိုင်ငံသားတွေ အားလုံးက တီဗွီသေးသေးလေးတွေ အရှေ့မှာ ရောက်နေပြီးတော့ ကျွန်တော်တို့ကို အားပေးကြမယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့က ကိုယ့်နိုင်ငံသားတွေရဲ့ သတ္တိနဲ့ အားပေးလိုစိတ်ကို ကိုယ့်ရဲ့ ရင်ထဲမှာ မြှုပ်နှံထားရပါမယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေလိုပဲ ကျွန်တော်ကလည်း ဆီနီဂေါ အသင်းသားတွေ အားလုံးဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစိတ်တဝမ်းထဲနဲ့ ယှဉ်ပြိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ဆီနီဂေါ အသင်းသားတွေ အားလုံးက အမြဲတမ်း အဲ့ဒီလို စိတ်ဓာတ် ၊ ပုံစံမျိုးနဲ့ ကစားခဲ့တာပါ။ ဆီနီဂေါ နိုင်ငံကြီး အဓွန့်ရှည်ပါစေ” လို့ သူ့ရဲ့ အသင်းသားတွေကို အားပေးစကား ပြောကြားသွားခဲ့တာပါ။