လီဗာပူးအသင်းနဲ့အတူ အမှတ်ပေးဖလား ၂ကြိမ် ၊ အက်ဖ်အေဖလား ၂ကြိမ်နဲ့ ကားလင်းဖလား ၁ကြိမ်တို့ကို ဆွတ်ခူးရယူနိုင်ခဲ့တဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ဂျွန်ဘားနက်ဟာ လက်ရှိ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ မာနေးနဲ့ ဆာလက်တို့ဟာ မကြာမီမှာ အသင်းပြောင်းသွားနိုင်တယ်လို့ လီဗာပူး အသင်းရဲ့ ပရိသတ်တွေကို သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။ အသက် ၅၆နှစ် ရှိနေပြီ ဖြစ်တဲ့ ဘားနက်ဟာ လီဗာပူးအသင်းရဲ့ အမာခံ ပရိသတ်တစ်ဦးအဖြစ် လက်ရှိအချိန် အထိ ရှိနေသေးသူ ဖြစ်ပြီး အသင်းပရိသတ်တွေဟာ မာနေးနဲ့ ဆာလက်တို့ကို အမြဲတမ်း အသင်းမှာ ရှိနေမယ့် ကစားသမားတွေအဖြစ် မှတ်ယူထားလို့ မရဘူးလို့ သတိပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဘားနက်က တစ်ချိန်တုန်းက လီဗာပူးအသင်းရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်ခဲ့ကြတဲ့ တောရက်စ် ၊ ဆွာရက် ၊ ကော်တင်ဟို စတဲ့ ကစားသမားတွေဟာ အသင်းပြောင်းသွားခဲ့ကြကြောင်းနဲ့ မာနေး ၊ ဆာလက်တို့လို ထိပ်တန်း အသင်းတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ ကစားသမားတွေဟာ ငွေကြေးအတွက် အသင်း ပြောင်းသွားနိုင်တယ်လို့ ဆိုသွားပါတယ်။ ဆာလက် ၊ မာနေးတို့ရဲ့ အသင်းပြောင်းရွှေ့နိုင်မှုနဲ့ ပတ်သတ်ပြီး ဘားနက်က ” ဒီဘက်ခေတ်မှာ အသင်းတိုင်းက ကစားသမားတွေကို ရောင်းချရပါတယ်။ ဘာစီလိုနာလို အသင်းမျိုးတောင် နေမာကို ရောင်းချဖို့ ဖိအားပေးခံခဲ့ရပါတယ်။ ဒီဘက်ခေတ်မှာ ကစားသမားတွေကို အဓိက ဆွဲဆောင်တဲ့ အရာက လစာပါပဲ။ ဘယ်လို ကစားသမားမျိုးပဲ ဖြစ်ဖြစ် တစ်ပတ်လုပ်ခ ပေါင်သန်းနဲ့ချီပြီး ရရင် အသင်းပြောင်းသွားမှာပါ။ မာနေးနဲ့ ဆာလက်တို့လို ကစားသမားတွေလည်း အဲ့ဒီလို ဖြစ်နိုင်ပါတယ် ” လို့ ဖွင့်ဟခဲ့ပါတယ်။

Photo Credit: Goal

ဆက်လက်ပြီး ဘားနက်က ပရိသတ်တွေ အနေနဲ့လည်း ကစားသမားထက် အသင်းကိုသာ အားပေးကြဖို့နဲ့ တောရက်စ် ၊ ဆွာရက် ၊ ကော်တင်ဟို စတဲ့ ကစားသမားတွေ အသင်းပြောင်းသွားတာကို ဥပမာယူကြဖို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။ ဘားနက်က ” လီဗာပူး အသင်းကနေ ထွက်ခွာသွားတဲ့ ထိပ်တန်း ကစားသမားတွေ အများကြီး ရှိခဲ့ပါတယ်။ တောရက်စ် ၊ ဆွာရက် ၊ ကော်တင်ဟို စသည်ဖြင့်ပေါ့။ အခု လီဗာပူးအသင်းက ကွင်းတွင်းမှာ အောင်မြင်မှုတွေ ရနေတာက အရမ်းကို ကောင်းပါတယ်။ ဒါပေမယ့် ထိပ်တန်းကစားသမားတွေဟာ အသင်းကို ရောက်လာပြီး အသင်းကနေ ပြန် ထွက်သွားနိုင်တာကို သတိထားရမှာပါ။ ဒါ့ကြောင့် အမြဲတမ်း ကျွန်တော်က ပရိသတ်တွေကို ကစားသမားထက် အသင်းကို အားပေးကြဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ကစားသမားတွေဟာ အသင်းပေါ်မှာ ရေရှည် စိတ်မြှုပ်နှံဖို့ ခက်ခဲလှပါတယ်။ အသင်းမှာ နေရတာ မပျော်တော့ဘူးလို့ သူတို့ ခံစားရရင် အသင်းကနေ ထွက်သွားမှာပါ ” လို့ ပြောပြသွားခဲ့တာပါ​​။