ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဆာဒီယို မာနေးကတော့ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုနဲ့ အထိုက်တန်ဆုံး ကစားသမားဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကာရင် ဘန်ဇီမာသာ ဖြစ်ကြောင်း ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

ဆီနီဂေါ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာဒီယို မာနေးက ယခု နွေဈေးကွက် အတွင်းမှာမှ လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူဟာ ဘန်ဇီမာနဲ့အပြိုင် ​ရွှေဘောလုံဆုကို ရယူနိုင်ဖို့ အတွက် ရေပန်းစားနေတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Goal

မာနေးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လီဗာပူးနဲ့အတူ ကာရာဘောင်းဖလား ၊ အက်ဖ်အေဖလားတို့ကို အရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သလို ဆီနီဂေါကိုလည်း အာဖရိကဖလားပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့ရုံသာမက ကမ္ဘာ့ဖလားပြိုင်ပွဲအား ဝင်ရော်က ယှဉ်ပြိုင်ခွင့် ရအောင် ဦးဆောင်ပေးထားသူပါ။

ဒါကြောင့်ပဲ မာနေးက ရီးရဲလ်မက်ဒရစ်ကို လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်အောင် ကူညီပေးထားတဲ့ ဘန်ဇီမာနဲ့အပြိုင် ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားနေတာ ဖြစ်ပြီး မာနေးကတော့ သူ့ထက်စာရင် ဘန်ဇီမာကသာ ရွှေဘောလုံးဆုနဲ့ ပိုမို ထိုက်တန်သူ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

မာနေးက – “ကျွန်တော်ကတော့ ဒီဆုကို ရမယ် မထင်ပါဘူးဗျာ။ အရိုးသားဆုံး ပြောတာပါ။ (ရယ်လျက်) ကျွန်တော်ကတော့ ကာရင်ကပဲ ဒီနှစ်ရဲ့ ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူလို့ မြင်ပါတယ်။ သူက ရီးရဲလ်မက်ဒရစ်နဲ့အတူ အရမ်း အရမ်းကို ကောင်းတဲ့ ရာသီတခုကို ပိုင်ဆိုင်ခဲ့တာပါ။ ပြီးတော့ သူက ချန်ပီယံလိဂ်ဖလားကိုလည်း အရယူထားနိုင်သူလေ။ ဒီတော့ သူကပဲ ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူပါ။ ကျွန်တော်ကတော့ သူ့အတွက် ပျော်ရွှင်ရပါတယ်” ဆိုပြီး ကာရင် ဘန်ဇီမာကို ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။