ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ လီဗာပူးအသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ဆာဒီယို မာနေးဟာ စပိန်အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကာ ကစားဖို့ စိတ်ဝင်စားနေတယ် လို့ စပိန်အခြေစိုက် သတင်း ဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ စပိန် အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ Mundo Deportivo သတင်းဌာနရဲ့ ဖော်ပြချက်အရ မာနေးဟာ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်း ကနေ ထွက်ခွာကာ စပိန်လာလီဂါကို ပြောင်းရွှေ့ ကစားချင်နေပြီး ဘာစီလိုနာအသင်း ကသာ သူ့ကို ကမ်းလှမ်းလာခဲ့ပါက ပြောင်းရွှေ့ဖို့ အဆင်သင့် ဖြစ်နေတယ် လို့ သိရပါတယ်။

Photo Credit: The Sun

ဒါ့အပြင် ယခု လတ်တလောမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မာနေးဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ချိတ်ဆက်မှုကို ရရှိခဲ့ချိန်မှာ အသင်းပြောင်းဖို့ ဆန္ဒပြင်းပျခဲ့ပြီး လီဗာပူးအသင်းဘက် က ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးဖို့ ငြင်းဆန်ခဲ့ချိန်မှာ အတော်လေး ဒေါသထွက်နေတယ် လို့လည်း သိထားရပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ မက်ဆီ တစ်ယောက် အသင်းကနေ ထွက်ခွာသွားမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီး မက်ဆီကို အသင်းမှာ ဆက်ထိန်းသွားဖို့ ကြိုးစားနေပေမယ့် တစ်ဖက်မှာလည်း မက်ဆီသာ အသင်းကနေ ထွက်ခွာသွားပါက အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင် နိုင်မယ့် ကစားသမား တစ်ဦးကို ရှာဖွေနေကာ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်သူ ကိုးမန်းဟာ မာနေးကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

Photo Credit: The Sun

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ မက်ဆီကို ဆက်ထိန်းသွားဖို့ မလုပ်ဆောင်နိုင်ခဲ့ရင်တော့ မာနေးကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး မာနေး အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀ သန်း သုံးစွဲသွားဖို့ အဆင့်သင့် ဖြစ်နေတယ် လို့ သိရှိရပါတယ်။ ဆက်စပ် သတင်းတွေ အရတော့ ဘာစီလိုနာအသင်းဟာ လီဗာပူးအသင်းရဲ့ နယ်သာလန် ကွင်းလယ်လူ ဝစ်နယ်ဒန်ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပြီး ဝစ်နယ်ဒန်အနေနဲ့ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ချင်နေပေမယ့် လီဗာပူးအသင်းရဲ့ ဆန္ဒကို အလေးထားသွားမယ်လို့ သိထားရပါတယ်။ လီဗာပူးမြို့ အခြေစိုက် သတင်းဌာနတွေ ကတော့ လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်လူ သီယာဂိုကို ခေါ်ယူပြီးပါက ဝစ်နယ်ဒန်ကို ရောင်းချသွားဖို့ ရှိနေကြောင်း ဖော်ပြထားကြပါတယ်။