MySport Myanmar

ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာရတော့မှာမို့လို့ ဝမ်းနည်းမိကြောင်း ရင်ဖွင့်လာတဲ့ မာနေး

ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် ကနေ ဆော်ဒီ စူပါလိဂ်ရဲ့ ထိပ်သီးကလပ် အယ် နက်ဆာဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဆာဒီယို မာနေးက သူဟာ ဘိုင်ယန်မြူးနစ်ကို မကူညီနိုင်ပဲ အသင်းကနေ ထွက်ခွာခဲ့ရလို့ ဝမ်းနည်းမိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဆီနီဂေါ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာဒီယို မာနေးက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ လီဗာပူး ကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၂သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူဟာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၂ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

မာနေးရဲ့ ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ စွမ်းဆောင်ရည်က လက်ခံလို့ ရတဲ့ အနေအထားမျိုးမှာ ရှိပေမယ့် မာနေးက ဘိုင်ယန်မြူးနစ်ရဲ့ ကစားပုံမှာ အံဝင်ခွင်ကျ ဖြစ်အောင် မကစားနိုင်သလို အသင်းဖော် ဆာနေးနဲ့ပါ ရန်ဖြစ်ခဲ့သေးတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက သူ့ကို ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်ခဲ့ပါတယ်။

ကနဦးမှာ ဆာဒီယို မာနေးက ဘိုင်ယန်မြူးနစ်မှာ နောက်ထပ် ၁ရာသီ ဆက်ကစားဖို့ စီစဉ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် နည်းပြချုပ် တူဟယ်လ်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးနောက် မာနေးက ဘိုင်ယန်မြူးနစ်ကို စွန့်ခွာကာ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာ ဆော်ဒီ ထိပ်သီးကလပ် အယ် နက်ဆာက မာနေးကို ခေါ်ယူဖို့ မာနေးနဲ့ရော ၊ ဘိုင်ယန်မြူးနစ်နဲ့ ပါ သဘောတူညီမှု ရရှိထားပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မာနေးက သူဟာ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာရမယ့် အကြောင်းကို တွေးမိတိုင်း နာကျင်ရကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မာနေးက – “ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာရတော့မယ် ဆိုတဲ့ အတွေးက ကျွန်တော့်ကို နာကျင်စေပါတယ်။ ကျွန်တော်က ဘိုင်ယန်မြူးနစ် ကနေ ဒီလိုပုံစံမျိုးနဲ့ ထွက်ခွာချင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်က ဘိုင်ယန်မြူးနစ်ကို ရာသီသစ်မှာ အများကြီး ကူညီနိုင်မယ်လို့ တွေးထားခဲ့တာပါ။ ကျွန်တော်က လူတိုင်းကို ကျွန်တော်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ထိုက်တန်ကြောင်း သက်သေပြချင်ခဲ့ပါတယ်။ အခုတော့ ဘိုင်ယန်မြူးနစ်နဲ့ မြူးနစ်ပရိသတ်တွေ အနာဂတ်မှာ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version