ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဆာဒီယို မာနေးကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မန်ချက်စတာ စီးတီးကို အနိုင်ယူကာ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် သူတို့အသင်းအနေနဲ့ ဖလား၄လုံး အောင်မြင်မှုကို ရယူနိုင်ကြောင်းနဲ့ ဖလား၄လုံး အောင်မြင်မှု ရရှိအောင် ကြိုးစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်း အားပေးစကား ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီရဲ့ ကာရာဘောင်းဖလား ချန်ပီယံ လီဗာပူးဟာ ယမန်နေ့ညမှာတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဖြစ် မန်ချက်စတာ စီးတီးနဲ့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရာ မာနေးရဲ့ ခြေစွမ်းပြမှုတွေနဲ့ အတူ မန်ချက်စတာ စီးတီးကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: This Is Anfield

လီဗာပူးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချယ်လ်ဆီးနဲ့ ပဲလေ့စ်တို့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး နှစ်သင်းစလုံးက သူတို့အသင်းထက် အင်အားနည်းတဲ့ အသင်းတွေ ဖြစ်တာကြောင့်ပဲ လီဗာပူးက ယခုနှစ် ဘောလုံးရာသီရဲ့ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

လီဗာပူးဟာ ကာရာဘောင်းဖလားကို ရရှိထားပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲဆီ တက်ရောက်ထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်မှာလည်း ဆုဖလားနဲ့ လက်တကမ်း အကွာ အနေအထားကို ရောက်ရှိနေတာကြောင့်ပဲ လီဗာပူးရဲ့ တိုက်စစ်မှူး ဆာဒီယို မာနေးက သူ့ရဲ့ အသင်းဖော်တွေ အနေနဲ့ အင်္ဂလန် ဘောလုံးသမိုင်းမှာ ဘယ်အသင်းကမှ မရဖူးသေးတဲ့ ဖလား၄လုံးစလုံး တပြိုင်နက်ထဲ ရယူနိုင်တဲ့ အသင်း ဖြစ်အောင် ဦးတည်ကာ ကြိုးစားကြဖို့ တိုက်တွန်းသွားခဲ့တာပါ။

Photo Credit: This Is Anfield

မာနေးက – “ကျွန်တော်တို့က ဒီနေ့ပွဲမှာ ပွဲစထဲကကို အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့တွေ ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့တယ်။ ပြီးတော့ ပြိုင်ဘက်အသင်းကိုလည်း အဆက်မပြတ် ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကို အမှားတွေ ကျူးလွန်မိအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ ရလဒ်ကို ရရှိခဲ့တာပါ။ ကျွန်တော်တို့က လီဗာပူးပါ။ ပြိုင်ဘက်ကို အမှားတွေ ကျူးလွန်မိအောင် ဖိအားပေး ကစားတာကိုက ကျွန်တော်တို့ရဲ့ ကစားပုံပါ။ ကျွန်တော်တို့ရဲ့ ကစားပုံကြောင့် သူတို့အသင်းကလည်း ကစားရ အတော်လေး ခက်ခဲမယ်လို့ ထင်ပါတယ်။ ဒီလို ဖိအားပေးမှုကပဲ ပွဲရဲ့ အဖြေကို ပြောင်းလဲပေးခဲ့တာပါ။ ဖလား၄လုံးစလုံး ရယူနိုင်မလား ၊ မရနိုင်ဘူးလား ဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့တွေ ကစားရမယ့် ပွဲစဉ်တွေ အများကြီး ကျန်သေးတယ်လေ။ ဒါပေမယ့် ကျွန်တော်တို့တွေ ဆုဖလား ၄လုံးစလုံး ရယူနိုင်အောင် အစွမ်းရှိသလောက် ကြိုးစားသွားပါမယ်။ ဒီလို ကြီးမားတဲ့ အောင်မြင်မှုက အိမ်မက်တခုပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေ ဆုဖလား ၄လုံး အောင်မြင်မှု ရရှိအောင် ကြိုးစားသွားပါ့မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။