မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ မှာတော့ လီဗာပူး အသင်းက ခရစ္စတယ်ပဲလေ့စ် အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ၇ ဂိုး ဂိုးမရှိဆိုတဲ့ အံ့အားသင့်စရာ ရလဒ်တစ်ခု ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ထိုအထဲမှာ လီဗာပူး အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တစ်ဦး ဖြစ်သူ ဆာဒီယို မာနေးကလည်း လီဗာပူး အသင်း အတွက် ဒုတိယ ဦးဆောင်ဂိုး ကို ပွဲကစားချိန် ၃၅ မိနစ် အရောက်မှာ သွင်းယူ‌ပေးနိုင်ခဲ့ပါတယ်။ မာနေး အနေနဲ့ ထိုကဲ့သို့ ဂိုးသွင်းယူအပြီးမှာတော့ အသင်းရဲ့ ပရိသတ်တစ်ဦး တောင်းဆိုထားတဲ့ အတိုင်း လက်နှစ်ချောင်းကို နမ်းပြီး ကောင်းကင်ကို ထိုးပြဟန် နဲ့ အောင်ပွဲခံပေးခဲ့ပါတယ်။

Photo Credit: Sport Bible

ဆာဒီယို မာနေး အနေနဲ့ ပွဲအတွင်းမှာ ထိုကဲ့သို့ အောင်ပွဲ ခံခဲ့ရတာဟာ ပရိသတ်တွေ အနေနဲ့ မည်သူ့ကို ရည်ညွှန်းလဲဆိုတာ မသိခဲ့ကြပေမယ့် ပွဲအပြီးမှာတော့ The Anfield Wrap ဆိုတဲ့ တွစ်တာ အကောင့်ကနေ အဆိုပါ အောင်ပွဲခံမှုဟာ မာနေးအနေနဲ့ ဘယ်သူ့ကို ရည်ညွှန်းကြောင်း ဗီဒီယိုလေးတစ်ခုနဲ့ ထုတ်ဖော်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာတော့ မာနေး ဟာ အသင်းရဲ့ ပရဟိတ လုပ်သား တစ်ဦးဖြစ်တဲ့ Lee လို့အမည်ရတဲ့ လူငယ်တစ်ဦးနဲ့ ဗီဒီယိုကော ကနေတဆင့် စကားပြောနေတာ ဖြစ်ပြီးတော့ မာနေးက Lee ကို သူ့အနေနဲ့ အောင်ပွဲခံပုံတွေကို ကူးရတာကြိုက်တယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့်မို့ Lee ကလည်း မာနေးကို သူ့ရဲ့ အဘိုးဖြစ်သူ အတွက် ရည်ညွှန်းတဲ့ အောင်ပွဲခံပုံ တစ်ခု လုပ်ပြခဲ့ပါတယ်။ ထိုပုံစံအတိုင်း မာနေးက ဂိုးသွင်းယူအပြီးမှာ အောင်ပွဲခံပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sport Bible

လီဗာပူး အသင်း အနေနဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ တိုက်စစ်ပိုင်းက လက်ဖျားခါလောက်စရာ အနေအထား မှာ ရှိနေခဲ့ပြီးတော့ မီနာမီနိုက လီဗာပူး ကစားသမား ဘဝ ပထမဆုံးသော သွင်းဂိုးကို သွင်းယူနိုင်ခဲ့သလို၊ ဆာဒီယို မာနေးက ၁ ဂိုး၊ ရောဘတ်တို ဖာမီနို က ၂ ဂိုး၊ ဟန်ဒါဆန် က ၁ ဂိုး နဲ့ မိုဟာမက် ဆာလာ က ၂ ဂိုး အသီးသီးသွင်းယူခဲ့ကြပါတယ်။ ခရစ္စတယ်ပဲလေ့စ် အသင်း အနေနဲ့ အခုလို ဂိုးပြတ် အနေအထားနဲ့ ရှုံးနိမ့်ခဲ့ရပေမယ့်လည်း နည်းပြ ဖြစ်သူ ရိုင် ဟော့ဒ်ဆန် ကတော့ သူ့ရဲ့ အသင်းဟောင်း အတွက် ဂုဏ်ယူမိပြီး ကျေနပ်ပြီး ပြုံးတောင်ပြုံးနေခဲ့ပါသေးတယ်။ စီနီဂေါ တိုက်စစ်ကစားသမား မာနေး ရဲ့ အဆိုပါ ပွဲစဉ်က သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ အတော်လေးအားပါပြင်းထန်တဲ့ တစ်ပတ်လည် ကန်ချက် ဖြစ်ခဲ့ပြီးတော့ ခရစ္စတယ်ပဲလေ့စ် ဂိုးသမား ဘယ်လိုမှ ကာကွယ်နိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ လီဗာပူး အသင်း အနေနဲ့ အဆိုပါ နိုင်ပွဲကြောင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ အေးအေးဆေးဆေးပဲ ဆက်လက် ရပ်တည်ထားနိုင်ခဲ့ပါတယ်။