ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဆာဒီယို မာနေးကတော့ ယခု နွေဈေးကွက် အတွင်းမှာပဲ လီဗာပူးကနေ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ ဘိုင်ယန်မြူးနစ်နဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၃၀ အရွယ် ဆီနီဂေါ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာဒီယို မာနေးက ဆောက်သမ်တန် ကနေ လီဗာပူးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် သူနဲ့ လီဗာပူးတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ လာမယ့်ရာသီ အကုန်မှာ ကုန်ဆုံးသွားဖို့ ရှိနေပါတယ်။

Photo Credit: 90 Mins

ကနဦးမှာ မာနေးက လီဗာပူးနဲ့ စာချုပ်သက်တမ်း တိုးကာ ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားဖို့ စဉ်းစားခဲ့ပေမယ့် လီဗာပူးဘက်က သူ့ကို လုပ်ခလစာ တိုးမြှင့်ပေးခြင်း မရှိသလို စာချုပ်သစ်လည်း မကမ်းလှမ်းခဲ့တာကြောင့် သူ့ကို တန်ဖိုးထားမယ့် အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့သာ ပြန်ပြောင်း ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မာနေးက လီဗာပူးကနေ ထွက်ခွာခွင့် တောင်းခံထားသလို လီဗာပူးဘက်ကလည်း ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် မာနေးကို ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ စဉ်းစားထားပါတယ်။

Photo Credit: 90 Mins

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က မာနေးကို ခေါ်ယူနိုင်ဖို့ ကစားသမားနဲ့ရော ၊ အသင်းနဲ့ပါ အဆက်မပြတ် ဆွေးနွေးမှုတွေ ပြုလုပ်နေရာ ယနေ့မှာတော့ ဘိုင်ယန်မြူးနစ်က မာနေးကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ မာနေးနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် လီဗာပူးနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရအောင် ဆက်လက် ကြိုးပမ်းနေပြီး ဘိုင်ယန်မြူးနစ်က မာနေးအတွက် တတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း + အပိုဆုကြေး ယူရို ၅သန်း ဆိုတဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖို့ စီစဉ်နေကြောင်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။