ဆီနီဂေါတိုက်စစ်ကစားသမား ဆာဒီယိုမာနေးကတော့ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းကမှ ဆောက်သမ်တန်အသင်းကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းရဲ့ အမာခံတိုက်စစ်မှူးတစ်ယောက်အဖြစ် ရပ်တည်နေလျက်ရှိကာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုပါ ဆွတ်ခူးပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မာနေးဟာ လီဗာပူးလ်အသင်းနဲ့ မပူးပေါင်းခင်တုန်းက လီဗာပူးလ်ရဲ့မဟာပြိုင်ဘက်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ ကမ်းလှမ်းမှုရခဲ့သလို ယူနိုက်တက်အသင်းသားဖြစ်ဖို့ နီးစပ်ခဲ့တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

Photo Credit : Getty Image

အသက်(၂၇)နှစ်အရွှယ်ရှိ ဆီနီဂေါလက်ရွေးစင် တိုက်စစ်ကစားသမား မာနေးဟာ ဆောက်သမ်တန်ကနေ လီဗာပူးလ်အသင်းဆီ မပူးပေါင်းခင် ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ နီးစပ်ခဲ့သေးတယ်လို့ ကစားသမားကိုယ်တိုင် ဖွင့်ဟဝန်ခံလာခဲ့ပါတယ်။ မာနေးက “ကျွန်တော်တို့တွေ မန်ချက်စတာယူနိုက်တက်အသင်းအကြောင်းကို အတော်လေး စဉ်းစားတွေးတောမိခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော့်အတွက် အတော်လေးကို ခက်ခဲနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဲ့ချိန်က အရန်ခုံမှာပဲ ရှိနေခဲ့တာကြောင့် ကျွန်တော့်ကို လာကမ်းလှမ်းတဲ့ ဘယ်သူ့အကြောင်းကိုမှ မစဉ်းစားနိုင်ခဲ့ဘူး”

“ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ လီဗာပူးလ်နည်းပြကလော့က သူ့အသင်းကို ပူးပေါင်းဖို့ တောင်းဆိုလာခဲ့ပါတယ်။ အဲ့အချိန်မှာ သူလည်းကျွန်တော့်ကို ရက်ပ်ပါလို့ မထင်တော့ဘူးလေ(ကလော့က ဒေါ့မွန်အသင်းကို ကိုင်တွယ်စဉ် မာနေးကို ခေါ်ယူဖို့ ပြုလုပ်ခဲ့ပေမယ့် မာနေးနဲ့စတွေ့ချိန်မှာ ရက်ပ်ပါတစ်ယောက်လို့ ထင်ခဲ့မိတယ်လို့ ပြောဆိုခဲ့မိပါသေးတယ်)”လို့ ရှင်းပြခဲ့ပါတယ်။ မာနေးကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းဘက်ကနေ စတင်စိတ်ဝင်စားခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ယူနိုက်တက်မှာ ဝါရင့်နယ်သာလန်နည်းပြကြီး လူးဝစ်ဗန်ဟား ကိုင်တွယ်နေတာဖြစ်ပြီး မာနေးကို ရရှိနိုင်ဖို့အတွက် ဗန်ဟားအပါအဝင် ယူနိုက်တက် တာဝန်ရှိသူတွေက မာနေးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ လီဗာပူးလ်ဘက်ကလည်း သူ့ကိုကမ်းလှမ်းလာခဲ့တာကြောင့် သူရဲ့ဆုံးဖြတ်ချက်က ပြောင်းလဲသွားခဲ့ကာ လီဗာပူးလ်အသင်းကို သူ့အတွက် ရွေးချယ်သင့်တဲ့ အသင်းတစ်သင်းဖြစ်ကြောင်း ခံစားလာခဲ့ရကာ လီဗာပူးလ်ကိုပဲ ရွေးချယ်ခဲ့တာလို့ မာနေးက ရှင်းပြခဲ့ပါတယ်။