ချန်ပီယံလိဂ်ပြိုင်ပွဲကတော့ ကွာတားဖိုင်နယ်အဆင့်ကနေ ဆီမီးဖိုင်နယ်အဆင့်ဆီ ရောက်ရှိနိုင်ဖို့ နောက်ဆုံးတစ်ပွဲသာ ကျန်ရှိတော့တာဖြစ်ပြီး လက်ရှိမှာ ပီအက်စ်ဂျီ လိုက်ပ်ဇစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က ဆီမီးဖိုင်နယ်ဆီ တတ်လှမ်းထားခဲ့ပါတယ်။ ဒီနေ့ည(၁)နာရီခွဲအချိန်မှာ ကွာတားဖိုင်နယ်ရဲ့လက်ကျန်နောက်ဆုံးပွဲအဖြစ် မန်စီးတီးအသင်းနဲ့ လိုင်ယွန်အသင်းတို့က ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒီပွဲစဉ်ရဲ့အကြောင်းကို အသေးစိတ်သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ မန်စီးတီးအသင်းကတော့ (၁၆)သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်လို ချန်ပီယံလိဂ်မာစတာကြီးကို (၂)ကျော့လုံး အနိုင်ယူပြီး ကျော်ဖြတ်လာခဲ့တာဖြစ်ကာ အသင်းက လက်ရှိမှာလည်း Form တအားကောင်းနေပါတယ်။ ဒါပေမယ့် ဒီပွဲမှာလည်း အသင်းရဲ့အဓိက တိုက်စစ်မှူးဆာဂျီယိုအဂူရို ဆက်လက်လွဲချော်ဦးမှာဖြစ်လို့ ဂျေဆူး စတာလင်းနဲ့ ဖိုဒန်(ဒါမှမဟုတ်) မာရက်ဇ်တို့နဲ့ တိုက်စစ်ကို ခင်းကျင်းလာနိုင်ပါတယ်။ မန်စီးတီးဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၅)ပွဲမှာလည်း (၄)ပွဲနိုင်ထားပြီး အာဆင်နယ်တစ်သင်းတည်းကိုပဲ အရေးနိမ့်ထားခဲ့ရပါတယ်။ ဒီညပွဲမှာတော့ တောင်ပံကစားသမားစတာလင်းကို အဓိကစောင့်ကြည့်သွားရနိုင်ပါတယ်။

လိုင်ယွန်ကလည်း ဂျုဗင်တပ်စ်လို အသင်းမျိုးကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို တတ်လှမ်းလာခဲ့တဲ့ အသင်းဖြစ်ပေမယ့် ကိုဗစ်အလွန် ပြန်လည်ကစားခဲ့တဲ့ ပွဲ(၂)ပွဲမှာတော့ (၂)ပွဲလုံးကို အရေးနိမ့်ထားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရှံးတာကလည်း ပီအက်စ်ဂျီ ဂျုဗင်တပ်စ်အသင်းတို့ဖြစ်ပြီး (၂)ပွဲလုံးမှာ (၂)ဂိုးပဲပေးခဲ့ရသလို ပီအက်စ်ဂျီအသင်းနဲ့ ပွဲမှာလည်း ဂိုးလုံးဝမပေးခဲ့ရပဲ ပင်နယ်တီရောက်မှသာ ရှံးခဲ့တာဖြစ်ပါတယ်။ လိုင်ယွန်က ခံစစ်ပိုင်းကစားပုံက ကောင်းမွန်လို့နေပေမယ့် ဒီညပွဲမှာတော့ နောက်ခံလူ ဒီနာယာနဲ့ တိုက်စစ်ကစားသမား ကော်နယ်တို့ ပါဝင်ဖို့ မသေချာဖြစ်နေပြီး အသင်းမှာကလည်း ကောင်တာတိုက်စစ်ကို အလျင်အမြန်သွားနိုင်တဲ့ ကစားသမားက နည်းပါးနေပါတယ်။

လက်ရှိအနေအထားရ ဒီပွဲမှာ မန်စီးတီးပဲ အနိုင်ရသွားလိမ့်မယ်လို့ အလွယ်တကူ ပြောနိုင်ပေမယ့် ဒီအဆင့်ထိတောင် ရောက်လာခဲ့တဲ့ အသင်းတွေကို လျှော့တွက်လို့မရပဲ တစ်ကျော့တည်းကိုပဲ အဆုံးအဖြတ်ခံယူကြမှာဖြစ်လို့ နှစ်သင်းလုံးက နောက်တစ်ဆင့်တတ်ရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာပါ။ တခုသတိထားရမှာက ဂွာဒီယိုလာရဲ့မန်စီးတီးအသင်းက ပြိုင်ဘက်အသင်းရဲ့ ဦးဆောင်မှုကို ခံလိုက်ရပြီဆိုရင် အနည်းငယ်ရုန်းကန်သွားရတတ်တာကိုပဲ။ ဆိုတော့ လိုင်ယွန်ကလည်း ဒီညမှာ ခံစစ်ကို အကျစ်လစ်ဆုံး တည်ဆောက်ပြီး ကောင်တာတွေကနေပဲ ချောင်းကစားမယ်ထင်ပါတယ်။ ဒါပေမယ့် မန်စီးတီးကို ကျော်ဖြတ်ဖို့ဆိုတာတော့ ခဲယဉ်းနေမှာဖြစ်လို့ မန်စီးတီးပဲ ဆီမီးမှာ ဘိုင်ယန်နဲ့ တွေ့ဆုံရလိမ့်မယ်လို့ ယူဆမိပါတယ်။