လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးက သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ဘယ်နောက်ခံလူ နေရာအတွက် ဘရိုက်တန်နဲ့အတူ တောက်ပခဲ့တဲ့ ကူကူရယ်လာကို ခေါ်ယူနိုင်ဖို့ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မယ်လို့ သိရပါတယ်။

စပိန်လူမျိုး ထိပ်တန်းနည်းပြ တဦး ဖြစ်သူ ပပ် ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ရှေ့ ၊ လယ် ၊ နောက် တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းတသင်း ဖြစ်ပေမယ့် ဘယ်နောက်ခံလူ နေရာဟာ သူတို့ရဲ့ အားအနည်းဆုံး နေရာတခုပဲ ဖြစ်ပါတယ်။

Photo Credit: Marca

လက်ရှိ မန်ချက်စတာ စီးတီးရဲ့ လူစာရင်းထဲမှာ ဘယ်နောက်ခံလူစစ်စစ် ကစားသမား တဦးမှ ရှိမနေပဲ ဘယ်နောက်ခံ နေရာအတွက် အားကိုးတကြီး ဝယ်ထားတဲ့ နောက်ခံလူ ဘန်ဂျမင် မန်ဒီက မုဒိမ်းမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေ အတွက် စွဲချက် တင်ခံထားရတာကြောင့် အချုပ်ထဲကို ရောက်ရှိနေပါတယ်။

ဒါကြောင့်ပဲ ဂွာဒီယိုလာက ပြီးခဲ့တဲ့ ဘောလုံးရာသီ တခုလုံးမှာ အသင်းရဲ့ နောက်ခံ ကစားသမားတွေ ဖြစ်တဲ့ ကန်ဆယ်လို ၊ ဇင်ချန်ကိုနဲ့ နသန်အကီတို့ကို ဘယ်နောက်ခံနေရာ အတွက် တလှည့်စီ အသုံးပြုခဲ့ရပြီး ယခု နွေအပြောင်းအရွှေ့မှာတော့ ဂွာဒီယိုလာက သူ့အတွက် ဘယ်နောက်ခံလူစစ်စစ် တဦးကို ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပါတယ်။

Photo Credit: Marca

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် လာမာစီယာ အကယ်ဒမီထွက် ဘယ်နောက်ခံလူ ကူကူရယ်လာက ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ကမှ ဂီတာဖေးကနေ ဘရိုက်တန်ထံ ရောက်ရှိလာသူ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချက်ချင်းဆိုသလို အသားကျခဲ့ကာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တဲ့ တက်သစ်စ လူငယ် နောက်ခံလူလည်း ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက ဟာလန်းကို ခေါ်ယူနိုင်ခဲ့ပြီးနောက် လိဒ်ယူနိုက်တက် ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင်ဖီးလစ်နဲ့ ကူကူရယ်လာတို့ကို ထပ်မံ ခေါ်ယူဖို့ ချိန်ရွယ်နေပြီး ကူရယ်လာအတွက် တရားဝင် ကမ်းလှမ်းမှုကို လာမယ့်ရက်ပိုင်း အတွင်း စတင် ပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရှိထားရပါတယ်။

ဘရိုက်တန်ကတော့ သူတို့အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ ကူကူရယ်လာအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင် လိုချင်နေကြောင်း ဘရိုက်တန်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။