ဒီတစ်ပတ်ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)ထဲမှာ ချယ်လ်ဆီးနဲ့စပါးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲကောင်းတစ်ပွဲ ပါဝင်နေခဲ့သလို ဒီပွဲလိုပဲ စနေနေ့တစ်နေ့ထဲမှာ နောက်ထပ်ပွဲကြီးပွဲကောင်းအနေနဲ့ အဆင့်၃နေရာက လက်စတာအသင်းနဲ့ အဆင့်၂နေရာက မန်စီးတီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ Biggest Match ပွဲကောင်းတစ်ပွဲလည်း ပါဝင်လို့နေပြီး ဒီပွဲစဉ်အတွင်းမှာတော့ ဧည့်သည်မန်စီးတီးက လက်စတာကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ကျဆင်းလျက်ရှိနေတဲ့ လက်စတာက ဒီပွဲမှာ ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်ဖို့အတွက် ၃-၅-၂ ကစားကွက်နဲ့ အသုံးပြုလာခဲ့ပြီး ဗာဒီ အီယန်နာချို မက်ဒီဆန် တိုင်လီမန်းစ် ပါရတ် ဘန်ချီဝဲလ် ပတ်ရဲရား အီဗန်စ် ဆိုယန်ဂူ ဖျူစ် ရှမိုက်ကယ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကြားရက်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရှိနေပေမယ့်လည်း မန်စီးတီးအသင်းကလည်း လက်စတာကို လူစုံနီးပါး ထုတ်သုံးကာ ရင်ဆိုင်လာခဲ့သလို အဂူရို မာရက်ဇ် ဘာနာဒိုဆေးဗား ဂန်ဒိုဂန် ရိုဒရီ ဒီဘရိုင်း ဝေါ်ကာ ဖာနန်ဒင်ဟို လာပေါ့တ် မန်ဒီ အီဒါဆန်တို့တွေ လူစာရင်းမှာ ပါဝင်လာခဲ့ကြပါတယ်။ ပွဲက အပြန်အလှန်ထိုးဖောက်မှုတွေ အတော်လေးကို ကြည့်ကောင်းခဲ့ပြီး နှစ်သင်းလုံးအတွက် အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ခဲ့ပေမယ့် ပထမပိုင်းမှာတော့ ဂိုးမရှိသရေသာကျသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးက အိမ်ရှင်လက်စတာထက် အသာစီးရယူလာနိုင်ခဲ့ပြီး ၆၂မိနစ်မှာပဲ လက်စတာကွင်းလယ်လူ ပါရတ်ရဲ့ဧရိယာထဲ လက်ထိမှုနဲ့ မန်စီးတီးအသင်း ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပြီး အဂူရိုကန်သွင်းရာမှာ ရှမိုက်ကယ်က ကာကွယ်နိုင်ခဲ့ပါတယ်။ ဂိုးဝင်နိုင်ဖို့ အကောင်းဆုံးသော အခွင့်အရေးတစ်ခုကို လွဲချော်လိုက်ရတဲ့ မန်စီးတီးအသင်းဟာ တိုက်စစ်ကို ပိုမိုလိုက်ပါကစားခဲ့ရင်းနဲ့ ရ၇မိနစ်မှာ အဂူရိုအစား ဂျေဆူးကို ထည့်သွင်းလာခဲ့ရာ ၃မိနစ်အကြာမှာပဲ ဂျေဆူးက မန်စီးတီးအတွက် အဖိုးတန်အနိုင်ဂိုးကို မာရက်ဇ်ရဲ့ဖန်တီးမှုကနေ သွင်းယူသွားခဲ့ပါတယ်။