ဒီနေ့ ဇွန်လ(၂၃)ရက်နေ့ မနက်အစောပိုင်း (၁)နာရီခွဲအချိန်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ရဲ့ (၉)ပွဲမြောက်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ဘန်လေအသင်းတို့ဟာ မန်စီးတီးရဲ့အိမ်ကွင်းအယ်တီဟတ်မှာ ရင်ဆိုင်ကစားခဲ့ကြပြီး ထိပ်တိုက်တွေ့လေ့ရှိတဲ့ အစဉ်အလာတွေအတိုင်း မန်စီးတီးကပဲ အသာစီးရယူခဲ့ကာ ဘန်လေအသင်းကို (၅)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

၄-၃-၃ ကစားကွက်ကို အသုံးပြုလာခဲ့တဲ့ မန်စီးတီးအသင်းဟာ အသင်းနဲ့ လမ်းခွဲတော့မယ့် ဆာနေးရဲ့ဘယ်ခြမ်းနေရာမှာ ဖိုဒန်ကို ထည့်သွင်းအသုံးပြုလာခဲ့သလို အဂူရို မာရက်ဇ် ဒေးဗစ်နဲ့ဘာနာဒိုဆေးဗား ရိုဒရီ အော်တာမန်ဒီ ဖာနန်ဒင်ဟို ဇင်ချန်ကို ကန်ဆယ်လိုနဲ့ အီဒါဆန်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာ မန်စီးတီးအသင်းက တစ်ဖက်သတ်ဖိအားပေး ကစားနိုင်ခဲ့ပြီး အဖွင့်ဂိုးကိုတော့ ပွဲချိန်(၂၂)မိနစ်မှာ ဖိုဒန်က အဝေးကန်ချက်နဲ့ စတင်သွင်းယူနိုင်ခဲ့ပါတယ်။ (၄၃)မိနစ်မှာလည်း မာရက်ဇ်က သူရဲ့ပုံစံအတိုင်း ညာခြမ်းကနေ သွင်းဂိုးရယူပေးခဲ့သလို ပွဲပြီးခါနီး အဂူရိုကြောင့်ရရှိခဲ့တဲ့ ပင်နယ်တီကိုလည်း သူပဲအဆုံးသတ်သွင်းယူခဲ့ပါတယ်။ အဂူရိုကတော့ ဆက်မကစားနိုင်တော့လို့ ဂျေဆူးနဲ့ လူစားလဲခဲ့ရပါတယ်။

Photo Credit : Getty Image

အဂူရိုထွက်ခွာသွားပေမယ့် မန်စီးတီးတိုက်စစ်အရှိန်က လုံးဝမကျဆင်းသွားခဲ့ပဲ ဒုတိယပိုင်းမှာလည်း သွင်းဂိုးတွေကို ဆက်တိုက်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၅၁)မိနစ်မှာ ဆေးဗားနှစ်ယောက်ရဲ့ အချိတ်အဆက်ကနေတစ်ဆင့် ဒေးဗစ်ဆေးဗားက မန်စီးတီးအတွက် သွင်းဂိုးရယူနိုင်ခဲ့ကာ (၆၃)မိနစ်မှာလည်း ဂျေဆူးရဲ့ဖန်တီးမှုကနေတစ်ဆင့် ဖိုဒန်က ပဥ္စမဂိုးကို ဆက်လက်ရယူနိုင်ခဲ့ပါတယ်။ (၅)ဂိုးအထိကို အပြတ်အသတ်သွင်းယူပြီးနောက်မှာလည်း မန်စီးတီးကပဲ ပွဲကိုဆက်လက်စိုးမိုးထားကာ ဂိုးပြတ်နိုင်ပွဲရသွားခဲ့ပါတယ်။