အက်စတွန်ဗီလာနဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ နောက်ထပ် ပွဲစဉ်(၂၈)ရဲ့လက်ကျန်ပွဲ နောက်ဆုံးပွဲအဖြစ် မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ မန်စီးတီးရဲ့အိမ်ကွင်း အယ်တီဟတ်မှာ ရင်ဆိုင်ကစားခဲ့ကြပြီး အိမ်ရှင်မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အိမ်ရှင်မန်စီးတီးအသင်းက အသင်းရဲ့ အဓိကတိုက်စစ်မှူးအဂူရိုကို လူစာရင်းကနေ ချန်လှန်ထားပြီး စတာလင်း မာရက်ဇ် ဂျေဆူး ဂန်ဒိုဂန် ဒီဘရိုင်း ဒေးဗစ်ဆေးဗား လာပေါ်တေး ဝေါ်ကာ ဂါဆီယာ မန်ဒီနဲ့ အီဒါဆန်တို့ကို အသုံးပြုလာခဲ့ပါတယ်။ အာဆင်နယ်ဘက်မှာတော့ အူဘာမီယန်း ဆာခါ ဝဲလ်လော့ အန်ခီတီယာ ဂွမ်ဒူဇီ ချာကာ မာရီ ဘယ်လာရင် မူစတာဖီ တော်ရဲရားနဲ့ လေနိုတို့ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး မန်စီးတီးအသင်းက ဖိအားပေးကစားခဲ့တဲ့အပြင် ပွဲအစပိုင်းလောက်မှာပဲ ချာကာနဲ့မာရီတို့ ဒဏ်ရာရသွားခဲ့လို့ အာဆင်နယ်တို့ လူစားလဲမှုကို စောစောစီးစီးကတည်းက လုပ်ဆောင်ခဲ့ရပါတယ်။ လေနိုရဲ့ကာကွယ်မှုတွေကို မန်စီးတီးကို ဂိုးမပေးရအောင် သတိထားကစားနိုင်ခဲ့ပေမယ့် လူစားဝင်လာတဲ့ ဒေးဗစ်လုဇ်ရဲ့ ပေါ့လျော့မှုကနေ ပထမပိုင်းပြီးခါနီးမှာ မန်စီးတီးတို့ ဂိုးစတင်ပိုင်ဆိုင်ခဲ့ပြီး စတာလင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး (၅)မိနစ်တောင်မပြည့်သေးတဲ့အချိန်မှာပဲ အာဆင်နယ်နောက်ခံလူ ဒေးဗစ်လုဇ်ကစားပုံ ကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ် ပြသခံခဲ့ရတဲ့အပြင် ပင်နယ်တီပါ သတ်မှတ်ပေးခံရပါတယ်။ ဒီပင်နယ်တီကို ဒီဘရိုင်းက အမှားအယွင်းမရှိ အဆုံးသတ်သွင်းယူနိုင်ခဲ့ပါတယ်။ သွင်းဂိုး(၂)ဂိုးနဲ့ ဦးဆောင်ခံထားရတဲ့အပြင် ကစားသမားပါ တစ်ယောက်လျော့သွာတဲ့ အာဆင်နယ်တို့ဟာ ဒုတိယပိုင်း လက်ကျန်မိနစ်တွေမှာ မန်စီးတီးဘက်ကို ဘာမှမတုန့်ပြန်နိုင်တော့ပဲ ပွဲပြီးခါနီးမှာ လူစားဝင်ကစားသမားလေး ဖိုဒန်ရဲ့သွင်းဂိုးကိုပါ ဆက်လက်ခွင့်ပြုခဲ့လို့ ဂိုးအပြတ်အသတ်နဲ့ကို အရေးနိမ့်ခဲ့ရပါတယ်။